ကမ္ဘောဒီးယားမြေမြှုပ်မိုင်းပြတိုက်

By အေးချမ်းခိုင်
27 January 2018
ကမ္ဘောဒီးယားမြေမြှုပ်မိုင်းပြတိုက်

 

 

မြေမြှုပ်မိုင်း.… နာမည်လေးကတော့ သုံးလုံးထဲ။ သူ့ရဲ့ အကျိုးဆက်ကတော့ တစ်မိသားစုလုံး ကြေကွဲကြ ရတာပါပဲ။ မြေမြှုပ်မိုင်းတွေ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ကျန်နေဆဲပဲ ဆိုရင် မှန်ပါလိမ့်မယ်။ 

ကြည့်ဖူးကြပါလိမ့်မယ်။ ရုပ်ရှင်ထဲမှာ မြေမြှုပ်မိုင်းတွေ နင်းမိလို့ ပေါက်ကွဲသံနဲ့အတူ လက်ပြတ်ခြေပြတ်တွေ မြင်ဖူးကြပါလိမ့်မယ်။ အပြင်ဘဝတွေလည်း အဲဒီထဲကလိုပဲ မလှပပါဘူး။ အထူးသဖြင့် နှစ်ကာလရှည်ကြာ စစ်ဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်မှာ နှစ်ဖက်တပ်တွေ ထောင်ထားခဲ့တဲ့မိုင်းတွေ များစွာ ကျန်ရှိနေပါသေးတယ်။ ဒါတွေကို ပြန်လည်ဖော်ထုတ်ဖို့ လုပ်ဆောင်စီစဉ်နေပေမယ့် လက်ရှိမှာတော့ အလှမ်းဝေးနေဆဲပါပဲ။ 

မြန်မာလိုပဲ ခမာပြည်တွင်းစစ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘောဒီးယားမှာတော့ မြေကြီးအောက်မှာပဲ မတူးဖော်ရသေးတဲ့ မြေမြှုပ်မိုင်း ၅ သန်းခန့် ရှိနေပါသေးတယ်။ ဒါကို ဖော်ပြဖို့နဲ့ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံကို Cambodia Landmine Museum တစ်ခု လုပ်ပြီး ပြသထားပါတယ်။ 

အဲဒီပြတိုက်ကို ဦးစီးတာက ခမာစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်မှာလည်း  ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ အကီရာ ဆိုသူပါ။

“ ကျွန်တော် ဗီယက်နမ်စစ်သားတစ်ယောက်နဲ့တွေ့တော့ သူက ဗီယက်နမ်ကြိုက်လားလို့ မေးတယ်။ ခမာနီက ဗီယက်နမ်တွေမကောင်းဘူးလို့ပြောတယ်။ အခုက ကောင်းပါတယ် လို့ပြောလိုက်တော့ ကျွန်တော့ကို တစ်နေရာ ခေါ်သွားတယ်။ ဗီယက်နမ်က မကြိုက်ဘူးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းတွေကို သတ်လိုက်ပါတယ်။ ” လို့ အကီရာက ပြောပါတယ်။ သူတို့က လူကောင်ကြီးတော့ ရှင်သန်ဖို့အတွက် ဖြေလိုက်ရတာပါလို့ သူက ပြောပါတယ်။ 

အဝတ်တွေ လျှော်ပေး၊ တံမြက်စည်းလှဲ၊ ထမင်းဟင်းချက်တာတွေကို သူက လုပ်ကိုင်ပေးရပါတယ်။ ငါးတွေမျှား၊ ဖားတွေ ရိုက်ပေးပြီး သွားကျွေးတော့ ဗီယက်နမ်တွေက ပျော်တယ်လို့ သူရှင်သန်ခဲ့ရပုံကို အကီရာက ပြောပါတယ်။ သူတို့လို ကလေးစစ်သားတွေက မြေမြှုပ်မိုင်းနဲ့ လက်နက်တွေကို ကူညီသယ်ဆောင်ပေးရပြီး အထူးသဖြင့် မိုင်းထောင်ရတဲ့ အလုပ်ကို လုပ်ရတာပါ။ 

ခမာနီတွေ သတ်ဖြတ်လို့ မိဘတွေ သေဆုံးခဲ့တဲ့ အကီရာ ( Akira) က သူ့ကို ၁၉၇၀ ဒါမှမဟုတ် ၁၉၇၃  မှာ မွေးဖွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူက မိဘမဲ့အဖြစ် ခမာနီတွေဆီမှာ ကြီးပြင်းလာခဲ့ရတာပါ။ 

အဲဒီပြတိုက်ကို ၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှာ တည်ရှိတာပါ။ မြေမြှုပ်မိုင်းမျိုးစုံနဲ့ လက်နက်တွေကို ပြသထားတာ ဖြစ်ပြီး  ကမ္ဘောဒီးယားပြည်တွင်းစစ်မှာ အထူးသဖြင့် Blast Mines လို့ ခေါ်တဲ့ ထပ်ဆင့်ပေါက်ကွဲတဲ့မိုင်းတွေကို အသုံးပြုခဲ့ကြပါတယ်။ ဆီရမ်ရိမြို့နှင့် ၂၅ ကီလိုမီတာမှာရှိတဲ့ ဒီမိုင်းပြတိုက်ကို နေ့စဉ် မနက် ၇ နာရီခွဲမှ ည နေ ၅နာရီအထိ နေ့စဉ်ဖွင့်လှစ်ထားပါတယ်။ 

 မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး The Cambodian Mine Action Centre (CMAC) ကတော့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းအရေအတွက် ၄ သန်းနဲ့ ၆ သန်း ကြားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိအချိန်မှာတော့ မပေါက်ကွဲသေးတဲ့ ကျန်ရှိနေတဲ့ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်းတွေကိုရှင်းဖို့ နှစ်ပေါင်း ၅၀ နဲ့ ၁၀၀ ကြား ကြာပါဦးမယ်။ 

“ ကျိန်စာမြေလို အဖြစ်ဆိုးဘဝတွေကို ဘယ်သူ လာဖြေရှင်းပေးမှာတုန်း” ဆိုတဲ့ စောဖိုးခွားရဲ့ သီချင်းသံလို မြန်မာနိုင်ငံ၊ ဒေါနမြေက ပန်းလေးတွေ လန်းဆန်းဖို့၊  မြေမြှုပ်မိုင်းအန္တရာယ်ကင်းဖို့ ကျွန်မတို့ လုပ်ဆောင်နိုင်ဖို့ လိုနေပါသေးတယ်။ အထူးသဖြင့် အခုလို Landmine Museum က အစပေါ့။ 

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်အန္တရာယ်အများဆုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံသည်လည်း ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်နည်းတူ အပါအဝင်ဖြစ်ပါတယ်။ မိုင်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အဓိကထား လုပ်ဆောင်သွားမယ် လို့လည်း မြန်မာအစိုးရဖက်က   ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိ ပြည်တွင်းစစ်တွေက လည်း ရှိနေပါသေးတယ်။ အဲဒီတော့ မြေမြှုပ်မိုင်းရှင်းလင်းရေးဆိုတဲ့ မျှော်လင့်ချက်က ဝေးနေဦးမလားဆိုတာ. . .။     ။

Mizzima Weekly