ဖိလစ်ပိုင် မေယွန်မီးတောင် ပေါက်ကွဲမှု သုံးလကြာ အရေးပေါ်အခြေအနေ သတ်မှတ်စောင့်ကြည့်မည်

ဖိလစ်ပိုင် မေယွန်မီးတောင် ပေါက်ကွဲမှု သုံးလကြာ အရေးပေါ်အခြေအနေ သတ်မှတ်စောင့်ကြည့်မည်

 

ဇန်နဝါရီ ၂၇ ။                        ။ ပေါက်ကွဲမှုများ ဖြစ်ပေါ်နေလျက်ရှိသည့် ဖိလစ်ပိုင် မေယွန်မီးတောင် အနီးအနားတစ်ဝိုက် ဧရိယာများတွင် သုံးလကြာ အရေးပေါ်အခြေအနေ သတ်မှတ်ကာ   စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။  

ယင်းမီးတောင် အခြေအနေအကြောင့် ယခုလက်ရှိအချိန်တွင် လူပေါင်း ၈၁,၀၀၀ ကျော်  နေအိမ်တွေကနေ စွန့်ခွာပြီး ယာယီခိုလှုံစခန်းများသို့ ရောက်ရှိလာခဲ့ပြီး စခန်းနှင့် မဆံ့အောင် ဖြစ်နေရကြောင်း သဘာဝဘေးကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်သည်။

နိုင်ငံအရှေ့ပိုင်းရှိ မေယွန်မီးတောင်အတွက် ယခုအခါ အန္တရာယ် သတိပေးချက် အဆင့်လေးအဖြစ် ဆက်လက်သတ်မှတ်ထားရှိဆဲဖြစ်ပြီး မီးတောင်မှာလည်း ချော်ရည်ပူများ၊ ပြာများ ဆက်လက်မှုတ်ထုတ်နေဆဲဖြစ်သည်။

မီးတောင် အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်နေရဆဲဖြစ်သည်။

" ကျွန်မတို့ မီးတောင် အရေးပေါ် အခြေအနေအတွက် သုံးလ သတ်မှတ်ပြင်ဆင်စောင့်ကြည့်ပါမယ်" ဆိုပြီး နိုင်ငံရဲ့ သဘာဝဘေးကူညီကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ရိုမီနာ မာရာဆီဂန်က ပြောသည်။

ယင်းအတွက်ကြောင့် နေရပ်စွန့်ခွာပြေးကြရသူ မိသားစုများအနေဖြင့် ယင်းသုံးလတာ ကာလတစ်လျှောက်လုံး မူလနေအိမ်များသို့ ပြန်၍မရဘဲ ကယ်ဆယ်ရေး စခန်းများတွင် ဆက်လက်နေထိုင်ကြရဦးမည်ဖြစ်သည်။

လက်ရှိအချိန်ထိ စားသောက်ကုန်နှင့် အခြားအထောက်အပံ့ပစ္စည်းများ ဖူလုံနေဆဲဖြစ်သော်လည်း ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှုပိုင်းတို့အတွက် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly