သံတမန်များကို အပြန်အလှန် နှင်ထုတ်ပြီး စပိန်နှင့် ဗင်နီဇွဲလားအကြား တင်းမာမှု ပိုမိုမြင့်တက်လာ

သံတမန်များကို အပြန်အလှန် နှင်ထုတ်ပြီး စပိန်နှင့် ဗင်နီဇွဲလားအကြား တင်းမာမှု ပိုမိုမြင့်တက်လာ

 

ဇန်နဝါရီ ၂၇ ။          ။ စပိန်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီးကို နှင်ထုတ်လိုက်ပြီ ဖြစ်ကြောင်း စပိန်အစိုးရက ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာသွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဗင်နီဇွဲလားနိုင်ငံဘက်က စပိန်သံအမတ်ကြီးကို အလားတူအတိုင်း နှင်ထုတ်ထားခဲ့မှုအပေါ် ပြန်လည် လက်တုန့်ပြန်လိုက်ခြင်း ဖြစ်ကြောင်း စပိန်အစိုးရက ပြောသည်။

" စပိန်အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးဝန်ကြီးဌာနက တင်ပြလာတဲ့ အစီရင်ခံစာတစ်စောင်ကို ကြားနာခဲ့ရပါတယ်၊ ကာရာကက်စ်ဆိုင်ရာ ကျွန်တော်တို့ရဲ့ သံအမတ်ကြီးကို ဗင်နီဇွဲလား အစိုးရဘက်က အသိအမှတ်မပြုတော့ဘဲ နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကြားသိရတော့ ကျွန်တော်တို့ ဝမ်းနည်းခဲ့ရပါတယ်။ ဒီလို အရေးကြီး လုပ်ဆောင်ချက် ပေါ်ပေါက်ခဲ့တဲ့နောက်မှာတော့ ကျွန်တော်တို့ အစိုးရဘက်ကလည်း ဒီအပေါ်မှာ ပြန်လည်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်၊ ဒါကြောင့် စပိန်ဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်" ဆိုပြီး စပိန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ကာရာကက်စ်ဆိုင်ရာ စပိန်သံအမတ်ကြီး ဂျီးဆပ် ဆေးလ်ဗား ဖာနန်ဒက်ဇ်ကို နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားဘက်က ကြေညာခဲ့သည်။ စပိန်သံအမတ်မှာ မိမိတို့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ခဲ့ကြောင်း ဗင်နီဇွဲလားတို့ဘက်က စွပ်စွဲခဲ့သည်။

သို့သော် စပိန်တို့ဘက်ကတော့ မိမိတို့အနေဖြင့် ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို အစိုးရ ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ရှုတ်ချသွားဦးမှာ ဖြစ်ကြောင်း၊ ဒါဟာ ပြည်တွင်းရေး စွက်ဖက်ခြင်းမဟုတ်ကြောင်း ပြန်လည် တုန့်ပြန်ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly