ကျောက်တံတားရဲစခန်းနှင့်ပတ်သက်၍ တရားဥပဒေအတိုင်းဆက်သွားမည်ဟု ကာယကံရှင်ဆို

ကျောက်တံတားရဲစခန်းနှင့်ပတ်သက်၍ တရားဥပဒေအတိုင်းဆက်သွားမည်ဟု ကာယကံရှင်ဆို

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ။                ။ ကျောက်တံတားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေမဲ့ ရိုက်နှက်ခဲ့သည်ဟု ပြောဆိုခဲ့သည့် ကာယကံရှင် သန်းတိုးအောင် ဆိုသူသည် ရဲစခန်း၏ ဖြေရှင်းချက်အား   ကျေနပ်မှုမရှိဘဲ တရားဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမည်ဟု မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့ဘက်ကတော့ တရားမျှတမှုလမ်းကြောင်းကို ရှာဖွေသွားပါမယ်။ တရားဥပဒေနဲ့ပဲ ရင်ဆိုင်သွားပါမယ်။ အမှုဖွင့်သွားမယ် မသွားဘူးဆိုတာတော့ တိတိကျကျမပြောနိုင်သေးဘူး။ တရားမျှတမှုရရှိအောင်တော့ လုပ်ဆောင် သွားမယ်" ဟု ကာယကံရှင် သန်းတိုးအောင်က ဆိုသည်။

ကျောက်တံတားရဲစခန်းဘက်မှ ဖြေရှင်းထားရာတွင် သန်းတိုးအောင်ရရှိခဲ့သည့် ဒဏ်ရာများသည် ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်းမဟုတ်ဘဲ အေးရှားပလာဇာဟိုတယ်အတွင်းမှ လုံခြုံရေးဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း "ရဲစခန်းကတင်ထားတဲ့ Video က ပြည့်စုံမှုမရှိဘူး။ သူတို့တင်ထားတာက လိုချင်တဲ့အပိုင်းပဲ ဖြတ်ပြီးပြထားတယ်။ ကျန်တဲ့အပိုင်းပေါ့နော်၊ ကားပေါ်မှာ ဆောင့်ကန်တဲ့အပိုင်းတွေ ရိုက်နှက်တာတွေ မပြထားဘူး။ သူတို့အဆင်ပြေတဲ့ဟာကိုပဲ ပြထားတယ်၊ အပြည့်အစုံပြထားတာမရှိဘူး" ဟု သန်းတိုးအောင်က ကျောက်တံတား ရဲစခန်းမှ ဖြေရှင်းမှုအပေါ် ပြန်လည်ပြောဆိုသည်။

ရဲတပ်ဖွဲ့များအနေဖြင့် သူ့အား ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များမှ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘဲ အရပ်ဝတ် များဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး  အရပ်ဝတ်အပေါ်၌ Police ဆိုသည့် သင်္ကေတပါသော ဝေ့စကုတ် ဝတ်ဆင်ထား သည့် ပုဂ္ဂိုလ်တစ်ယောက်ပါဝင်သည်ဟု သန်းတိုးအောင်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၂ နာရီခန့်အချိန်တွင် လင်းယုန် စီမံချက်အရ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းနှင့် လမ်း ၄၀ ထိပ်ရှိ ဆိုင်ခန်းတစ်ခန်း ရှေ့တွင် ထိုင်နေသည့် လူငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ၊ ယင်းလူငယ်ကို စစ်ဆေးရန်ပြုစဉ် အဆိုပါလူငယ်က စစ်ဆေးမခံဘဲ ထွက်ပြေးရာ ဆိုက်က္ကားဆရာ ၃၊ ၄  ဦးက ပူပေါင်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ အေးရှားပလာဇာ ဟိုတယ်အတွင်းသို့ ဝင်ပြေးခဲ့ကြောင်း၊ ယင်းဟိုတယ်မန်နေဂျာနှင့် လုံခြုံရေးဝန်ထမ်းများက အဆိုပါ သန်းတိုးအောင်ဆိုသူ လူငယ်အား ဟိုတယ်အတွင်းမှ ဆွဲထုတ်ပြီး ရဲတပ်ဖွဲ့ဝင်များလက်သို့ အပ်နှံခဲ့သည်ဟု ကျောက်တံတားရဲစခန်းမှ ဖြေရှင်းထားသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly