တိုက်စစ်မှူးသစ် ၀ယ်ယူရန် မလိုအပ်ဟု ဗန်ဟားလ်ပြော

တိုက်စစ်မှူးသစ် ၀ယ်ယူရန် မလိုအပ်ဟု ဗန်ဟားလ်ပြော

ပရီးမီးယားလိဂ်ပွဲစဉ် ၃ တွင် နယူးကာဆယ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သော်လည်း မန်ယူနည်းပြ ဗန်ဟားလ်က ၎င်းတို့အသင်းအနေဖြင့် တိုက်စစ်မှူးသစ် ဝယ်ယူရန် မလိုအပ်ဟု ပြောကြားလိုက်သည်။

မန်ယူအသင်းသည် အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် ထိုပွဲ၌ နယူးကာဆယ်အသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးရရန် ရုန်းကန်ခဲ့ရသည်။

ဗန်ဟားလ်က ယခုကဲ့သို့ပြောဆိုခဲ့သော်လည်း မန်ယူအသင်းသည် အပြောင်းအရွှေ့မပိတ်ခင် တိုက်စစ်ကစားသမားသစ်ဝယ်ယူရန် ကြိုးပမ်းလျက်ရှိနေသည်။

'တိုက်စစ်မှူးသစ်ဝယ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ မန်ယူဟာ ပြိုင်ဘက်ထက်သုံးဆလောက်ပိုကောင်းခဲ့တဲ့ အသင်းဖြစ်လို့ပါ။

ပြိုင်ဘက်အသင်းကို အသာစီးနဲ့ မကစားနိုင်မှာကိုပဲ ကျွန်တော်စိတ်ပူပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်တို့ အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ စပါး၊ ဗီလာ၊ ဘရုဂျက်တို့နဲ့ ပွဲစဉ်တွေတုန်းကလည်း ကစားနိုင်ခဲ့တာပါပဲ။

သရေကျခဲ့တဲ့ ရလဒ်ကို မကျေနပ်ပေမယ့် အသင်းရဲ့ ကစားပုံကိုတော့ ကျေနပ်ပါတယ်။ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့တာကြောင့် ဂိုးမရခဲ့တာပါ' ဟု ဗန်ဟားလ်က ပြောသည်။

ရွန်နီ၏သွင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ခြင်းကိုလည်း ဗန်ဟားလ်က ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးများ၏အလုပ်သည် မလွယ်ကူသည့်အတွက် အကူအညီများပိုမိုလိုအပ်ကြောင်း ပြောဆိုခဲ့သည်။

မန်ယူအသင်းက နေမာကို ခေါ်ယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မှု ဗန်ဟားလ်က ထိုကိစ္စရပ်အတွက် ဆွေးနွေးမှုတွင် မပါဝင်လိုကြောင်း ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly