ဘာစီလိုနာရဲ့ အောင်မြင်မှုအတွက် နည်းပြကို အသိအမှတ်ပြုတဲ့ မက်ဆီ

ဘာစီလိုနာရဲ့ အောင်မြင်မှုအတွက် နည်းပြကို အသိအမှတ်ပြုတဲ့ မက်ဆီ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်များအတွက် နည်းပြသစ် ဗယ်လ်ဗာဒီဟာ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်တယ်လို့ မက်ဆီက သောကြာနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့ ဗယ်လ်ဗာဒီဟာ လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်နိုင်အောင် အသင်းကို တည်ဆောက်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို ရောက်ရှိစေသလို စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ထားပါတယ်။

“နည်းပြသစ် ရောက်ရှိလာကတည်းက သူဟာ အသင်းဆီက သူမျှော်လင့်ထားတဲ့ အရာက ဘာလဲဆိုတာ အလွန်ရှင်းလင်းလင်း သိထားပါတယ်။ သူ့ရဲ့ညွှန်ကြားချက်တွေဟာ ကျနော်တို့အတွက် အလျင်အမြန် အဆင်ပြေစေပါတယ်။ ဒါက ကျနော်တို့ အရင်က ကစားခဲ့တဲ့ ပုံစံကနေ အများကြီးကွဲပြားခြားနားမှု မရှိလို့ပါ။”လို့ မက်ဆီက အရောင်းမြှင့်တင်ရေးအခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ဟာ ခံစားကစားရာမှာ ပိုမိုကောင်းမွန်သန်မာလာပြီး တိုက်စစ်ပိုင်းမှာဆိုရင်လည်း အရည်အသွေးမြင့် ကစားသမားတွေကို ကျနော်တို့ ပိုင်ဆိုင်ထားပါတယ်။”လို့ အာဂျင်တိုင်း စူပါစတားက ဆိုပါတယ်။

မက်ဆီက ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံမှာ ရှိနေသေးတဲ့အတွက် သူဟာ ကလပ်အသင်းရဲ့ ဒီရာသီပတ်သက်လို့ အကောင်းမြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ Ballon d’Or ဆု ငါးကြိမ်ရကစားသမားက ဆောင်းရာသီအပြောင်းအရွှေ့အတွင်း ကော်တင်ဟိုနဲ့ ယာရီမီနာတို့ ကလပ်အသင်းကို ရောက်ရှိလာခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly