ပိုလျှံငွေ ကျပ် သန်း ၄ သောင်း နီးပါးအား ဧရာဝတီတိုင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးသွားမည်

ပိုလျှံငွေ ကျပ် သန်း ၄ သောင်း နီးပါးအား ဧရာဝတီတိုင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးသွားမည်
စည်ပင်သာယာမှ တာဝန်ယူလုပ်ကိုင်မည့် ကျပ် သိန်း ၃ ရာကျော်အကုန်ကျခံမည့် ကန်သုံးဆင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား တွေ့ရစဉ်။
 

ပုသိမ် ။          ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသော ပိုလျှံငွေ ကျပ် သန်းပေါင်း ၄ သောင်း နီးပါးအား လာမည့် မတ်လ ၃၁ ရက်မတိုင်ခင် ဧရာဝတီတိုင်းဒေသကြီးဖွံဖြိုးရေး အတွက် သုံးစွဲရန် တိုင်းအစိုးရကက်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းစည်ပင်သာယာရေးဝန်ကြီးက မဇ္ဈိမသို့ ပြောသည်။

ပိုလျှံငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၃၉၀၀၀ ကျော် ကို ဧရာဝတီတိုင်းအတွက် အမှန်တကယ် အရေးကြီးသော လုပ်ငန်းများ ဖြစ်သည့် မြစ်ကမ်းပြိုနေရာများတွင် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်းဦးစီးဌာနမှ  ပုသိမ်မြို့ဝင်လမ်းချဲ့ခြင်းလုပ်ငန်းများ၊ လမ်းမီးတိုင်အသစ်များ စိုက်ထူခြင်းလုပ်ငန်းများအပါအဝင် တိုင်းဖွံ့ဖြိုးရေး အတွက် လုပ်ကိုင်မည် ဖြစ်ကြောင်း စည်ပင်သာယာဝန်ကြီးက ပြောသည်။

သိန်း ၈၀၀ ကျော်အကုန်ကျခံ ပြုပြင်မည့် ပုသိမ်ဈေးချောင်း ကမ်းနှစ်ဘက် အုတ်စီနံရံ အား တွေ့ရစဉ်။

"ကျွန်တော်တို့ စည်ပင်သာယာအနေနဲ့လည်း လုပ်ငန်းနှစ်ခု ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ တစ်ခုက မဟာဗန္ဓုလ လမ်းဘေး ကန်သုံးဆင့်ခြံ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ပုသိမ်မြို့၊မြို့လယ် အဓိကနေရာဖြစ်တဲ့ ဈေးချောင်းအုတ်စီနံရံလုပ်ခြင်းလုပ်ငန်းအတွက်လည်း ခွင့်ပြုငွေရရှိခဲ့ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ဘတ်ဂျက်ဆိုင်ရာ ငွေစာရင်းပြောင်းလွဲသုံးစွဲခြင်းခေါင်းစဉ်ဖြင့် ငွေကြေးပြောင်းလဲသုံးစွဲခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော တိုင်းအစိုးရကက်ဘိနက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ သုံးစွဲမှုကို မတ်လ ၃၁ ရက်မတိုင်ခင် အပြီး လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

ကန်သုံးဆင့်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ခွင့်ပြုငွေ ကျပ် ၃၆၇ သိန်း၊ ပုသိမ်ဈေး ချောင်းကမ်းနှစ်ဘက် အုတ်စီနံရံလုပ်ဆောင်မှု တစ်ဖက်လျှင် ၆၇၃ ပေနှင့် နံရံနှစ်ဖက်ပြုလုပ်ပြီး ကုန်ကျငွေသိန်းပေါင်း ၈၉၅ သိန်း ကုန်ကျမည်ဟု စည်ပင်သာယာမှ ခန့်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးအား ဇန်နဝါရီလ၂၅ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကက်ဘိနက် အစည်းအဝေး မလုပ်ဖြစ်သည်မှာ နှစ်လနီးပါးခန့်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly