ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာန သတိပေးစာထုတ်ထား

ဇေကမ္ဘာကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာန သတိပေးစာထုတ်ထား
ဇေကမ္ဘာဦးခင်ရွှေ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မှ မြို့နယ်ချင်းဆက်လမ်းပိုင်း အပါအဝင် ဆောင်ရွက်ရန်ကျန်နေသည့် လုပ်ငန်းတချို့ကို သတ်မှတ်ကာလအတွင်း ပြီးစီးခြင်း မရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်ဟု အဆိုပါ လမ်းပိုင်းအား ဆောင်ရွက်ခွင့်ရသည့် ဇေကမ္ဘာကုမ္ပဏီအား သတိပေးထားသည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“ကုမ္ပဏီအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတိပေးစာထုတ်ပြန်ထားပြီး ဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၂၆ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးကျော်လင်းက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီက BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ရရှိထားသည့် လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း ၅၄မိုင် ၇ဖာလုံအနက် ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း ၁၃မိုင် ၃ဖာလုံတွင် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးခြင်း ဖြစ်သည်။

“ကျန်ရှိနေသေးတဲ့ လမ်းပိုင်း ၁၃မိုင် ၃ဖာလုံမှာ ကော့မှူး-ကွမ်းခြံကုန်းအပိုင်း ၅မိုင် ၃ဖာလုံအား ၂၄ပေအကျယ် AC ခင်းခြင်းလုပ်ငန်းနဲ့ တံတား ၇စင်းကို တိုးချဲ့ခြင်း၊ ကွမ်းခြံကုန်း-ဒေးဒရဲအပိုင်း ၈မိုင်အား ၁၈ပေအကျယ် ကတ္တရာထပ်ပိုးလွှာတင်ခြင်း လုပ်ငန်းတွေကို ၂၀၁၈ခုနှစ်၊ မေလကုန် မိုးမကျမီ အပြီးဆောင်ရွက်ဖို့ ကုမ္ပဏီအား ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဦးကျော်လင်းက ဆိုသည်။

အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခင်ရွှေပိုင်သည့် ဇေကမ္ဘာကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည့် အဆိုပါ လမ်းပိုင်းအနက် တချို့နေရာများတွင် ဆိုးရွားပျက်စီးနေခြင်းနှင့် BOT ပဋိဉာဏ်စာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာဘဲ လမ်းအသုံးပြုခများ ကောက်ခံနေခြင်းတို့အပေါ် ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်အမတ် ဦးကျော်ထွေးက ယနေ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်မှုအပေါ် ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီက ဆောင်ရွက်ခွင့်ရသည့် လမ်းပိုင်းအနက် တချို့ ကတ္တရာလမ်းများမှာ ဆိုးရွာစွာ ပေါက်ပြဲနေပြီး အဆိုးရွားဆုံးမှာ လမ်းပိုင်းတစ်ခုတွင် တည်ဆောက်ထားသည့် တံတားတစ်စင်းကို အုန်းတုံးဖြင့် အောက်ခြေမှ ထောက်ထားကြောင်း ဦးကျော်ထွေးက လွှတ်တော်တွင် Power Point ဖြင့် ထောက်ပြ ဝေဖန်ခဲ့သည်။

“စာချုပ်ပါအချက်များကို လိုက်နာအကောင်အထည်ဖော်မှုမရှိမှန်း သိပါလျက်နဲ့ ဝန်ကြီးဌာနက ၃၀ရက်၊ ၅လ၊ ၂၀၁၅ ရက်စွဲနဲ့ လမ်းအသုံးပြုခ ကောက်ခံခွင့်ပေးခြင်းသည် မရိုးဖြောင့်သော သဘောတွေ ရှိတယ်လို့ ယူဆစရာဖြစ်နေပြီး ဇေကမ္ဘာကုမ္ပဏီကလည်း ကတိကဝတ်စာချုပ်ကို မသိရှိသော ခရီးသွားပြည်သူများအပေါ် လှည့်စားအမြတ်ထုတ်နေခြင်းသာဖြစ်၍ တရားဝင်သော လုပ်ငန်းတွေ မဖြစ်နိုင်ပါ” ဟု ဦးကျော်ထွေးက ပြောသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ လမ်းပိုင်းနှင့်သက်ဆိုင်သည့် လွှတ်တော်အမတ်များ၊ ဇေကမ္ဘာကုမ္ပဏီမှ Chairman နှင့် ဒါရိုက်တာအဖွဲ့ဝင်များပါဝင်သည့် လေးပွင့်ဆိုင် အမြန်ဆုံးခေါ်ယူပြီး ပြည်သူများ ကျေနပ်သည်အထိ ဆောင်ရွက်ပေးသွားမည်ဟု ဒုဝန်ကြီးက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

“ပြည်သူတွေအတွက် အခက်အခဲ၊ အတားအဆီး၊ အနှောင့်အယှက်တွေ ဖြစ်နေတာတွေရှိရင် ကျွန်တော်တို့က ချက်ချင်း ဖယ်ရှားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း ၅၄မိုင် ၇ဖာလုံအား ဇေကမ္ဘာကုမ္ပဏီလီမိတက်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိ၍ ၂၀၁၃ခုနှစ်၊ အောက်တိုဘာ ၈ရက်တွင် BOT ပဋိဉာဏ်စာချုပ် ချုပ်ဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags