ပဋိပက္ခဖြေရှင်းရန် RCSS နဲ့ TNLA ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

ပဋိပက္ခဖြေရှင်းရန် RCSS နဲ့ TNLA ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။                 ။ နှစ်ဖက်တပ်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအား ဖြေရှင်းနိုင်ရန် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး   ကောင်စီ(RCSS/SSA) တို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်ဟု ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ နယ်စပ်တစ်နေရာ၌ နှစ်ဖက်တပ်များတွေ့ဆုံခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေသည့်  နှစ်ဖက်တပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပြုလုပ်ရန်အတွက် ဆက်လက်တွေ့ဆုံသွားရန်သဘောတူခဲ့ကြသည် ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"နှစ်ဖက်ပဋိပက္ခနဲ့ ပတ်သက်ပြီး သွားရောက်တွေ့ဆုံတယ်။ ဒီဟာက ပဏာမတွေ့ဆုံမှုပဲ ဖြစ်တယ်။ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တယ်" ဟု ဗိုလ်မှူး တာအိုက်ကျော်က ဆိုသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီး ကိုက်တိုင်ကျေးရွာ(ဒေသအခေါ် ကြက်သေရွာ) အနီး၌ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့် အဖွဲ့များဖြင့် မကြာခဏဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags