အမေရိကန်ဝန်ကြီးဟောင်း ရစ်ချက်ဆန်၏ ထုတ်ပြန်ချက် တရားမဝင်ဟု အကြံပေးအဖွဲ့ဝင်တုံ့ပြန်

အမေရိကန်ဝန်ကြီးဟောင်း ရစ်ချက်ဆန်၏ ထုတ်ပြန်ချက် တရားမဝင်ဟု အကြံပေးအဖွဲ့ဝင်တုံ့ပြန်

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။          ။ အမေရိကန်ဝါရင့်သံတမန်ဟောင်း ၊ ဝန်ကြီးဟောင်း ဘီလ်ရစ်ချက်ဆန် ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရားဝင်မှု မရှိကြောင်း  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင် တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ Roelof Petrus က ပြောဆိုလိုက်သည်။

"မစ္စတာ ရစ်ချက်ဆန်က သူ့ထုတ်ပြန်ချက်ကို အလျင်စလိုအလောတကြီး ထုတ်ပြန်လိုက်တာပဲလို့ ကျွန်တော် မြင်ပါတယ်။ ဒါဟာ မမျှတဘူးလို့ ကျွန်တော် ထင်ပါတယ်။ ထုတ်ပြန်ချက်ဟာ တရားလည်း မဝင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဝန်ကြီးဟောင်း ဝါရင့်သံတမန်ဟောင်း ဘီလ်ရစ်ချက်ဆန်အနေဖြင့် အကြံပေးအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက် ရခြင်းသည် အကြံပေးအဖွဲ့ကို အသုံးချပြီး ရခိုင်ပဋိပက္ခကို မြန်မာအစိုးရဘက်မှ ဖုံးဖိလို၍ ဖြစ်သည်ဟု မြန်မာနိုင်ငံမှ မထွက်ခွာမီ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

အမေရိကန်ဝါရင့်သံတမန်ဟောင်း ဘီလ်ရစ်ချက်ဆန် အနေဖြင့် အကြံပေးအဖွဲ့လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန် ၊ လုပ်ပိုင်ခွင့်များကို သိရှိမှုအားနည်းခြင်း ၊ အစည်းအဝေးတွင် မသက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေး ပြောဆိုခြင်း များ ပြုလုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့မှ နှုတ်ထွက်သွားခြင်း ဖြစ်သည် ဟု ယမန်နေ့က မြန်မာအစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ရခိုင်ပြည်နယ်ကိစ္စတွေ အကြံပေးရမယ့်ဟာ မဆိုင်တဲ့ဟာတွေပြောတော့ ဒီလိုမျိုး အစည်းအဝေးမျိုးမှာ အချိန်ကုန်တယ်။ ဖြစ်တဲ့အခါကျတော့ အစည်းအဝေး Chair Person က ထိန်းတာမျိုးတွေ ရှိတာပေါ့နော်။ အဲ့လိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး နှုတ်ထွက်တဲ့ အကြောင်းအရာမျိုးတွေ ဖြစ်လာခဲ့တယ်ပေါ့နော်" ဟု မဇ္ဈိမသို့ ပြောဆိုထားသည်။

ရစ်ချက်ဆန် နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်ပြီး အကြံပေးအဖွဲ့အပေါ် ထိခိုက်မှုရှိလာနိုင်စရာ မရှိကြောင်း တောင်အာဖရိကကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ Roelof Petrus က ဆိုသည်။

"ဘီလ်ရစ်ချက်ဆန် နုတ်ထွက်သွားတာကြောင့် အကြံပေးအဖွဲ့ကို ယုံစားနိုင်မှု ပျက်ပြယ်မသွားပါဘူး။ အကြံပြုချက်များနဲ့ ပတ်သက်ရင် အစကနေ နောက်ဆုံးစာပိုဒ်အထိကို ကျွန်တော်တို့ တော်တော်လေး အားစိုက်နေရတယ်လို့ ထင်ပါတယ်။ ရစ်ချက်ဆန်ကတော့ သူ့ထင်မြင်ချက်ကို ပြောလာတာဟာ အရမ်းကို စောလွန်းနေပါတယ်" ဟု မစ္စတာ Roelof Petrus က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့၌ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဒုက္ခသည်များ ပြန်လည်လက်ခံရေး စခန်းများကို သွားရောက်လေ့လာခဲ့ပြီး ယင်းခရီးစဉ်အပြီးတွင် အကြံပေးအဖွဲ့ကိုယ်စား ၎င်းက ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အကြံပေးအဖွဲ့၏ စစ်ဆေးကြည့်ရှုချက်အရ အခြေအနေကို လက်ခံနိုင်ပြီး အထောက်အပံ့တွေ စခန်းတွေ ရှိနေကြောင်း၊ အဆိုပါအချက်သည် ဒုက္ခသည်များ နေရပ်ပြန်လာရန် တွန်းအားပေးနေသည့် အရေးကြီးအချက် ဖြစ်ကြောင်း အကြံပေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်  နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့အစည်းထဲတွင်  တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Meyere ၊ အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ စသည့် ပြည်ပ ဝါရင့် အတွေ့အကြုံရှိသူ ငါးဦးနှင့် မြန်မာနိုင်ငံမှ ငါးဦး တို့ ပါဝင် ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly