နာမည်ကြီးဘရာဇီးလူဆိုးဂိုဏ်းခေါင်းဆောင်ကို ပါရာဂွေးတွင်ဖမ်းမိ

နာမည်ကြီးဘရာဇီးလူဆိုးဂိုဏ်းခေါင်းဆောင်ကို ပါရာဂွေးတွင်ဖမ်းမိ

 

အဆန်စီယွန်၊ ဇန်နဝါရီ ၂၆ ။                ။ ဘရာဇီးနိုင်ငံမှ နာမည်ကြီး အော့စ်မာနို့စ်လူဆိုးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်နှင့် သူ၏အပေါင်းအပါ ၄ ဦးတို့ကို ပါရာဂွေးနိုင်ငံရှိ စီအူဒတ် ဒယ်အက်စ်တီမြို့၌ ကြာသာပတေးနေ့က ဖမ်းဆီးရမိခဲ့ကြောင်း ပါရာဂွေးမူးယစ်တိုက် ဖျက်ရေးအေဂျင်စီက ပြောခဲ့သည်။

နာမည်ပွား ဒီဒီဟုခေါ်ဆိုသော ဒေးဗစ်အန်ဒရီရယ်မယ်လိုအား ပါရာဂွေးနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့မှ ရပ်ကွက် တစ်ခုထဲသို့ ရုတ်တရက်စီးနင်းရှာဖွေစဉ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖမ်းဆီးမှုကို ပါရာဂွေးမူးယစ်တိုက်ဖျက်ရေးအေဂျင်စီနှင့် ဘရာဇီးဗဟိုရဲတပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။ ဒီဒီနှင့်သူ၏အပေါင်းအပါများသည် ဘရာဇီးတောင်ပိုင်းပြည်နယ် ရီယိုဂရန်ဒီဒိုဆူလ်မှ အကျဉ်းထောင် တစ်ခုအား ဝင်ရောက်စီးနင်း၍ ထောင်တွင်းမှ အော့စ်မာနို့စ်ဂိုဏ်းသားများကို ကယ်ထုတ်သွားရန် စီစဉ်နေသည် ဟု သတင်းရရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မှတ်ပုံတင်အထောက်အထားအတုဖြင့် ပါရာဂွေးနိုင်ငံအတွင်း၌ ခိုလှုံနေသော ဒီဒီသည် ယင်းသို့ထောက်ဖောက် ထွင်းရန်အတွက် မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို ရှာဖွေသိုမှီးထားကြောင်း ပါရာဂွေးမူးယစ်တိုက်ဖျက်ရေးအေဂျင်စီက ဆိုခဲ့သည်။

ယင်းအေဂျင်စီ၏အဆိုအရ ဒီဒီသည် အော့်စ်မာနို့စ်ဂိုဏ်းထဲမှ ရက်စက်အကြမ်းကြုတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မူးယစ် မှောင်ခိုရောင်းချမှု၊ ဘဏ်ဓားပြတိုက်မှုနှင့် လူသတ်မှုပေါင်း ၅၀ ကျော်တွင် ပါဝင်ပက်သက်ခဲ့သည်ဟု သံသယရှိ မှုအတွက် အဖမ်းခံခဲ့ရသော ရာဇဝတ်မှတ်တမ်းများရှိသည်ဟု သိရသည်။

ပါရာဂွေးအာဏာပိုင်များသည် ဒီဒီအား ဘရာဇီးရဲတပ်ဖွဲ့လက်ထဲသို့ လွှဲပြောင်းပေးရန်စီစဉ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly