Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

ရေးသားသူ Abbott Nutrition
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Gym သွားရင် မိတ်ကပ်လိမ်းထားတာ မျက်နှာအသားအရေအတွက်မကောင်းပါဘူး။

ဒါဟာ Gym သွားနေကျ လေဒီတို့အတွက် သိထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကိုသွားသွား၊ဘာပဲလုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့အရာပဲလေ။ အားကစားဝတ်စုံလေးနဲ့ ဆယ်လ်ဖီဆွဲတာလေးလည်းပါတာပေါ့။ နည်းနည်းပါးပါးဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုှရှိသလို ခံစားရတယ် မဟုတ်ဘူးလား။

တချို့တွေကျတော့လည်း ညနေမှ အလုပ်ကအပြန်ဝင်ရတာဆိုတော့ မနက်တည်းကပြင်ဆင်ထားတဲ့အတိုင်း gym ကိုရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့အချိန်ကမရ၊ ဝတ်စုံလေးအမြန်လဲပြီး အချိန်ရှိတုန်းဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ ကိုယ်လက်လှုပ်ရှားမလုပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကျစ်လျစ်ကျန်းမာဖို့၊ အဆီကျလှပဖို့ လာကစားကြတယ်ဆိုပေမယ့် မျက်နှာအသားအရေအတွက်လည်း လေဒီတို့မေ့မထားသင့်ပါဘူး။ ဘာကြောင့်မိတ်ကပ်လိမ်းထားရင်ရော ဘာဖြစ်လို့လဲ၊ မိတ်ကပ်ပျက်ရုံအပြင် ဘာဖြစ်လာနိုင်သေးလဲဆိုတာတွေကို ရှင်းပြပေးမယ်နော်။ မိတ်ကပ်တွေနဲ့အားကစားလုပ်ရင် –

ချွေးပေါက်တွေပိတ်စေတယ်

ခန္ဓာကိုယ်ကလှုပ်ရှားတဲ့အခါချွေးထွက်လာတာက အရေပြားကိုအအေးဓာတ်ပေးတဲ့သဘာဝနည်းလမ်းဖြစ်တာကြောင့် မိတ်ကပ်လိမ်းထားရင် ချွေးပေါက်တွေပိတ်စေပြီး ချွေးလည်းအကုန်အစင်မထွက်နိုင်ဘဲ ဘက်တီးရီးယားတွေခိုအောင်းစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဆားဝက်ခြံဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်းဖြစ်စေပြီး ဝက်ခြံပိုထွက်စေနိုင်ပါတယ်။

ဝက်ခြံတွေရှိတဲ့သူဆို ပိုဆိုးစေနိုင်ပါတယ်

အားကစားလုပ်တဲ့အချိန်တောက်လျှောက်မှာ နံရံ၊ကြမ်းပြင်၊အလေးမ ဝိတ်တုံး၊စက်ဘီးလက်ကိုင်၊စတဲ့နေရာမှန်သမျှကို လက်ကထိတွေ့မိနေမှာဖြစ်ပြီး အဲဒီနေရာတွေက ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့နေရာတွေဖြစ်ပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေရှိနေရင် ဘက်တီးရီးယားကပ်တွယ်နေဖို့ ပိုခိုင်မာစေတာကြောင့် ဝက်ခြံအတွက် ပိုဆိုးစေပါတယ်။

ချွေးထွက်နည်းတတ်သူဆိုရင် အသားအရေပိုခြောက်သွေ့စေတယ်

မိတ်ကပ်လိမ်းထားတယ်ဆိုရင် အရေပြားမှာ ချွေးငုပ်သွားစေနိုင်ပါတယ်။ အဲ့လိုချွေးမထွက်တဲ့အခါ ချွေးမှာပါတဲ့ အက်စစ်ဓာတ်pHပမာဏ ကြောင့် အသားအရေမှာ နီမြန်းရောင်ရမ်းခြင်း၊ တင်းနေခြင်းတို့ဖြစ်စေတတ်ပါတယ်။

ချွေးပေါက်ပိုကျယ်လာစေတယ်

ချွေးပေါက်တွေပိတ်နေတဲ့အခါ ပိတ်ဆို့မှုနဲ့ကွက်တိကျအောင် အရေပြားချွေးပေါက်ကပိုချဲ့လာပြီး ကြာလာရင် ချွေးပေါက်တွေကျယ်လာစေနိုင်ပါတယ်။

အရေပြားထဲမှာအဆိပ်အတောက်ဓာတ်တွေနဲ့အညစ်အကြေးတွေကျန်ရှိစေတယ်

မိတ်ကပ်လိမ်းထားတဲ့အပေါ်ယံအလွှာဟာ အရေပြားကို ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတဲ့စနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ချွေးပိတ်စေလို့ အဆိပ်အတောက်ဓာတ်တွေနဲ့တခြားအညစ်အကြေးတွေကိုမသန့်စင်ပေးနိုင်တော့ပါဘူး။

ဒီလိုနဲ့ကြာလာရင် အသားအရောင်ညစ်လာစေတယ်

ချွေးထွက်များအောင်လှုပ်ရှားကစားပေးပြီး အသားအရေကြည်လင်လှပလာစေဖို့ အားကစားလုပ်ကြတာဖြစ်ပေမယ့် မျက်နှာအသားအရေမှာ ချွေးပေါက်ပိတ်မှတော့ ဘယ်လိုအဆင်ပြေပါတော့မလဲ။ မိတ်ကပ်အဖွေးသားနဲ့အားကစားလှုပ်ရှားတဲ့အခါ ပိုလှမလာတဲ့အပြင် အသားအရောင်ညစ်ပြီး ပိုတောင်ရင့်ရော်နိုင်ပါတယ်တဲ့။

ဒါ့ကြောင့် gym ကိုရောက်လို့အားကစားမလုပ်ခင်မှာ အိတ်ဆောင် မိတ်ကပ်ဖျက်ဆေးလေး သို့မဟုတ် Micellar Water နဲ့ မိတ်ကပ်ဖျက်ပြီး မျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။ သန့်စင်ခန်းမှန်ရှေ့မှာပဲဖြစ်ဖြစ် ၃ မိနစ်လောက်အချိန်ပေးရုံနဲ့ရပါတယ်။ ပြီးတော့မှ ရေဓာတ်ထိန်းပေးတဲ့ serum  တစ်မျိုးမျိုးကို ပါးပါးလိမ်းပေးနိုင်ပါတယ်။

မလိမ်းမဖြစ် တစ်ခုခုလိမ်းပြီးမှသွားချင်တယ်ဆိုရင်တော့ moisturiser တစ်မျိုးနဲ့ပေါင်ဒါခပ်ပါးပါးပုတ်ပြီး နှုတ်ခမ်းနီအဆီဆိုးပြီး ပြင်ဆင်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်တော့လုံးဝမလိမ်းသင့်ပါဘူးနော်။

အားကစားလုပ်နေရင်းမှာ တီရှပ် သို့မဟုတ် တဘက်လေးနဲ့ မျက်နှာကိုချွေးသုတ်ဖို့ကို စိုးရိမ်မနေပါနဲ့။ အသားအရေကိုမထိခိုက်ပါဘူး။ လက်နဲ့တိုက်ရိုက်မသုတ်ရင်ပေါ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly