ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တိုးတက်လာတဲ့ခေတ်စနစ်အရ အလုပ်ခွင်တိုင်းမှာ ကွန်ပျူတာအသုံးပြုရတာတွေများလာသလို ဖုန်းမကိုင်တဲ့သူရယ်လို့လည်း သိပ်တောင်မရှိကြတော့ပါဘူး။ တစ်နေ့တာရဲ့ အချိန်တော်တေ်ာ များများကိုလည်း ကွန်ပျူတာရှေ့မှာကုန်ဆုံးလာကြပါတယ်။ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးတာများလာရင် မျက်လုံးကို ထိခိုက်လာနိုင်တယ်ဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒီနေရာမှာပြောချင်တာက ကွန်ပျူတာ၊ဖုန်းနဲ့ တီဗွီဖန်သားပြင်တွေက ထွက်လာတဲ့ အလင်းရောင်တွေက မျက်လုံးကိုပဲထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ အသားအရေကိုပါထိခိုက်စေနိုင်သေးတယ် ဆိုတာပါ။
ကွန်ပျူတာ နဲ့ ဖုန်း မျက်နှာပြင်က အလင်းရောင်တွေက အသားအရေကို ဘယ်လိုထိခိုက်စေနိုင်တာလဲ

အသားအရေကို ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေထိတွေ့မှုကြောင့်ပဲ ထိခိုက်ပျက်စီးနိုင်တာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင်ထင်မထားတဲ့ အချို့အရာတွေကြောင့်လည်း အသားအရေထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

” Computer face” ဆိုတာ

ကွန်ပျူတာ မျက်နှာပြင်က ထွက်လာတဲ့ အလင်းရောင်တွေကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်တာကိုဆိုလိုတာပါ။ Destok ကွန်ပျူတာ မျက်နှာပြင်တွေက မျက်နှာမှာ အရေးအကြောင်းတွေ၊ အသားအရေတွန့်တာနဲ့ အရေပြားထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ ကံကောင်းတာတစ်ခုက အခုနောက်ပိုင်းထွက်ရှိလာတဲ့ LCD နဲ့ LED မျက်နှာပြင်တွေကတော့ အရေပြားကို မထိခိုက်စေပါဘူး။

အလင်းပြန်တာကြောင့် အသားအရေပျက်စီးတာပါ

လက်တော့ပ်၊ tablet နဲ့ ဖုန်း မျက်နှာပြင်တွေက သူတို့ဘာသာတော့ ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်နိုင်ခြေနည်းပါတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်ကိုနေရောင်ထိတွေ့တဲ့အခါ ပြန်ထွက်လာတဲ့အလင်းရောင်က အရေပြားကိုထိခိုက်စေတာပါ။ ဒီပြန်ထွက်လာတဲ့ အလင်းရောင်က အရေပြားကင်ဆာ ခံစားရနိုင်ခြေကိုတိုးစေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အခြားအရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေထွက်လာတဲ့ အလင်းရောင်တွေကို လုံးဝဂရုမစိုက်ဘဲတော့ မထားသင့်ပါဘူး။ လက်တော့ပ်၊ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကနေထွက်လာတဲ့ high energy visible (HEV) က အရေပြားကို ထိခိုက်စေနိုင်သလို အသားအရေကိုလည်း အိုမင်းရင့်ရော်စေနိုင်ပါတယ်။ တော်တေ်ာများများကတော့ ဒီရောင်ခြည်ကို blue light လို့သိထားကြပါတယ်။ တီဗွီတွေ၊ဖုန်းတွေနဲ့ ကွန်ပျူတာတွေက နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတွေလိုတောင်ဖြစ်လာနေတဲ့အခါမှာတော့ မထိတွေ့ချင်ရင်တောင်မှာ ဒီရောင်ခြည်တွေကိုတစ်နေကုန်နီးပါးလောက်ထိတွေ့နေရတာပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့။ ဖြစ်နိုင်ရင်တော့ နေရောင်ထဲမှာ ဖုန်းတွေ iPad မသုံးကြဖို့ပြောပါရစေ။ ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေတဆင့် ပြန်လာတဲ့နေရောင်က အသားအရေကို အတွင်းပိုင်းအထိထိခိုက်စေနိုင်တာကြောင့်ပါ။

HEV ကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်တဲ့ ပြဿနာတွေကနေကင်းဝေးချင်ရင်

HEV ကြောင့် အသားအရေထိခိုက်တာကနေ မကာကွယ်နိုင်တာတော့မဟုတ်ပါဘူး။ ကာကွယ်လို့ရပါတယ်။ ဒီလိုကာကွယ်ဖို့  အရင်ဆုံးလုပ်ရမှာက –

အသုံးပြုနေတဲ့ ကွန်ပျူတာက Destok  အမျိုးအစားဆိုရင် LCD ဒါမှမဟုတ် LED နဲ့ပြောင်းသုံးလိုက်ပါ။

Destok ကိုမှကြိုက်နှစ်သက်တယ်ဆိုရင်တော့ anti-glare screen ကို ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ တပ်ဆင်အသုံးပြုပေးပါ။

အသားအရေကို နေရောင်ဒဏ်ကနေကာကွယ်ဖို့လူးတဲ့ SPF ပါတဲ့ နေလောင်ကာခရင်မ်မျိုးလူးပေးပါ။

တစ်ချိန်လုံးကွန်ပျူတာ နဲ့ ဖုန်းမျက်နှာပြင်တွေကို စိုက်ကြည့်မနေဘဲ နာရီဝက်တစ်ခါလောက်လောက် ကွန်ပျူတာ မျက်နှာပြင်ပေါ်ကနေ အကြည့်လွှဲလိုက်ပါ။ ကွန်ပျူတာရှေ့ကနေ ထပြီးလမ်းလျှောက်တာမျိုး အကြောဆန့်တာမျိုးလုပ်ပေးရင်လည်းရပါတယ်။

  •     ဖုန်းတွေမှာလည်း Blue Light Saver ကပ်ပြီးအသုံးပြုတာမျိုးလုပ်ပါ။
  •     အသားအရေကို အစိုဓာတ်ထိန်းခရင်မ်လူးပြီး ရေဓာတ်ဖြည့်ပေးပါ။
  •     ညလိမ်းခရင်မ်လူးတာလိုမျိုး လိုအပ်တဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေကိုလုပ်ဆောင်ပေးဖို့လိုပါမယ်။
  •     တစ်ချိန်လုံး တီဗွီကြည့်တာ၊ဖုန်းသုံးတာ၊ကွန်ပျူတာသုံးတာတွေပဲမလုပ်ပါနဲ့။

နေ့စဉ်လုပ်ဆောင်နေရတဲ့ အလုပ်တွေကြောင့် ကိုယ့်ရဲ့လှပပျိုမျစ်မှုတွေမဆုံးရှုံးကြစေဖို့အတွက် အသားအရေကိုထိန်းသိမ်းစောင့်ရှောက်ပြီး အခုပြောပြခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly