မြောက်ဦးကိစ္စအရေးယူခံရသူများအတွက် ရခိုင်အမျိုးသားပါတီမှ ဥပဒေအထောက်အကူပြုကော်မတီ ဖွဲ့စည်း

မြောက်ဦးကိစ္စအရေးယူခံရသူများအတွက် ရခိုင်အမျိုးသားပါတီမှ ဥပဒေအထောက်အကူပြုကော်မတီ ဖွဲ့စည်း

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ။            ။ ရသေ့တောင်နှင့် မြောက်ဦးမြို့ များတွင်ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပက်သက် ပြီး အရေးယူခံရသူများကို ကူညီပေးမည့် ဥပဒေအထောက်အကူပြုကော်မ တီတစ်ရပ် ရခိုင်အမျိုးသားပါတီ (ANP) မှနေ၍ ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ဖွဲ့စည်းလိုက်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စုစုပေါင်း ၆ ဦးပါဝင်သည့် အဆိုပါကော်မတီမှ လွန်ခဲ့သည့် ရက်ပိုင်းက ရသေ့တောင်နှင့် မြောက်ဦးကိစ္စ နှင့်ပက်သက်၍ ဖမ်းဆီးခံထားရသူများနှင့် အရေးယူခံရန်ရှိနေသည့် သူများကို ဥပဒေပိုင်းဆိုင်ရာ အဓိကထားကူညီပေးမည်ဖြစ်သည်။

“ မြောက်ဦးမှာဖြစ်တဲ့ကိစ္စနဲ့ ဒဏ်ရာရတဲ့ကလေးတွေကို စစ်တွေဆေးရုံမှာချုပ်နှောင်ထားတယ်။အဲ့တော့ ဒီပုဂ္ဂိုလ်တွေ။ နောက်တစ်ခုက ရသေ့တောင်ပွဲစီစဉ်တဲ့သူတွေ နဲ့ မြောက်ဦးပွဲစီစဉ်တဲ့သူတွေကိုလည်း ဖမ်းဆီးဖို့ လုပ်ထားတယ်လို့လည်း သတင်းတွေရတယ်။  စွပ်စွဲတဲ့ပုဒ်မတွေနဲ့ ဥပဒေနဲ့ညီသလားဆိုတဲ့ မေးခွန်းလေးတွေ ဖြစ်လာတယ်လေ။ အဲဒါကြောင့် အရေးယူခံရတဲ့သူတွေရော နောက်ထပ်ပြီးတော့ အရေးယူခံရမယ့် ပုဂ္ဂိုလ်တွေရော အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ တာဝန်ရှိတယ်လို့ ယူဆတယ် “ ဟု အထက်တန်း ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဦးထွန်းအောင်ကျော်က ပြောသည်။

အဆိုပါကော်မတီမှနေ၍ အဓိကအားဖြင့် ရှေ့နေငှားရန် ငွေကြေးမတတ်နိုင်သူများကို ဦးစားပေးကူညီမည် ဟုလည်း သိရသည်။

ဥပဒေအထောက်အကူပြုကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ဦးကျော်သန်း (အထက်တန်းရှေ့နေ)၊ ဦးသာပွင့် (အထက်တန်းရှေ့နေဟောင်း)၊ ဦးဘရှိန် (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)၊ ဦးတင်ညို (တရားလွှတ်တော်ရှေ့နေ)၊ ဦးထွန်းအောင်ကျော် (အထက်တန်း ရှေ့နေ) တို့ ၆ ဦးဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းက လုံခြုံရေးရဲတပ်ဖဲ့ွဝင်များနှင့် ဒေသခံ များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရဝန်ထမ်း ၂၀ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သည့် ဟောပြောပွဲနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင်ကိုလည်း အစိုးရမှ တရားစွဲဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly