ပြန်ဝင်လာမည့်သူများတွင် ARSA အဖွဲ့ဝင်များ မပါလာရေး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပြသွားမည်

ပြန်ဝင်လာမည့်သူများတွင် ARSA အဖွဲ့ဝင်များ မပါလာရေး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပြသွားမည်
ကုန်းလမ်းမှ ဝင်ရောက်လာမည့် ဒုက္ခသည်များကို ပြန်လည်လက်ခံမည့် တောင်ပြိုလက်ဝဲ နယ်စပ်တံတားဂိတ်အား ဇန်နဝါရီလ ၂၄ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သူရ

မောင်တော၊ ဇန်နဝါရီလ ၂၅ ရက်။         ။ တစ်ဖက်နိုင်ငံကို ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရာတွင် ARSA အဖွဲ့ဝင်များ မပါလာစေရေးအတွက် စောင့်ကြည့်ထောက်ပြသွားမည်ဟု ရခိုင်ပြည်နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ ထောက်ပြလို့ပဲ ရနိုင်မယ်လေ။ အစိုးရဖွဲ့ထားတဲ့ ပါတီမှ မဟုတ်တာ။ ပြန်သွင်းတဲ့ကဏ္ဍမှာ လည်း အမျိုးသားရေး စိတ်ဓာတ်ရှိရှိနဲ့ ထောက်ပြသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။ တကယ့် လက်ခံတဲ့အခါ ပြန်ဝင်လာတဲ့အခါ ကျွန်တော်တို့က သုံးသပ်သိရှိရမှာပါ။ အဲဒီဖက်က ARSA အဖွဲ့မှာ ပါဝင်တဲ့သူတွေ မဝင်လာဖို့တော့ အရေးကြီးတယ်။” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစမ်းရွှေက ပြောသည်။

ထိုသို့ စောင့်ကြည့်နိုင်ရေးအတွက် “ရခိုင်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့” တစ်ခုကို မကြာမီအချိန်တွင်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းသွားမည်ဟုလည်း ပြည်နယ်ဥက္ကဋ္ဌက ဆိုသည်။

“တဖက်ကလူတွေ ပြန်လက်ခံတဲ့အခါ ဥပဒေနဲ့ အညီဆောင်ရွက်မှုရှိ/မရှိ၊ တကယ့်လက်တွေ့မှာ ဆောင်ရွက်ချက်တွေဟာ မှားယွင်းနေသလား။ မမှန်မကန်တဲ့ တစ်ခြားလုပ်ရပ်တွေနဲ့ သွားနေသလား ဆိုတာတွေကို ကျွန်တော်တို့ပါတီ အနေနဲ့ စောင့်ကြည့်သွားမှာပါ။”ဟု ဒေါက်တာစမ်းရွှေက ပြောသည်။

ပါတီအနေဖြင့် အခြားကိစ္စများတွင် ဝင်ရောက် စွက်ဖက်နိုင်ခြင်းမရှိသလို ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်ခြင်း မရှိသည့်အတွက် စောင့်ကြည့်လေ့လာခြင်း အပိုင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မမှန်ကန်မှုများ တစ်စုံတစ်ရာ တွေ့ရှိပါက အစိုးရထံသို့ ထောက်ပြပိုင်ခွင့်ရှိကြောင်းလည်း ဒေါက်တာစမ်းရွှေက ဆိုသည်။

ပြန်ဝင်လာမည့် ဒုက္ခသည်များနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရဘက်မှ အသင့်အနေအထား ရှိနေပြီဟု လူ/ကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းမီဒီယာများသို့ ဖြေကြား ထားသော် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဝင် တုံံ့ပြန်မှု မရှိသေးသလို ဒုက္ခသည်များအနေဖြင့်လည်း ဇန်နဝါရီ ၂၅ ရက်နေ့ထိ တစ်ဦးမှ ဝင်ရောက်လာခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်နယ်စပ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းနေစဉ်အတောအတွင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည် ၆ သိန်းကျော်ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHRD) မှ သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly