ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှု ပုသိမ်ကြီးဒေသခံများ ကန့်ကွက်

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှု ပုသိမ်ကြီးဒေသခံများ ကန့်ကွက်

 

မန္တလေး၊ဇန်နဝါရီ ၂၅ ။           ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောအုပ်စု၊အာင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ဖျက်သိမ်းပေးရန် အောင်သပြေကျေးရွာ၊ မြကန်သာကျေးရွာ၊ သရက်ကိုင်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ပြည်သာယာကျေးရွာ၊ကင်းရွာ ၊စာတိုက်တကာ ကျေးရွာ ဒေသခံများက ဇန်နဝါရီ ၂၅ ရက်၊နံနက် ၁၀ နာရီ၌ ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။

အဆိုပါစက်ရုံတည်ဆောက်နေသည့်နေရာသည် ကျေးရွာများနှင့်ထိစပ်နေသည့်အပြင် ကျေးလက်ဖွံ့ဖြိုးရေးလမ်း များကိုပါ အသုံးပြုနေခြင်းနှင့်စက်ရုံကြောင့်လယ်ယာမြေများ ပျက်စီးသွားနိုင်ခြင်း၊ ဒေသခံများ ကျန်းမာရေး ထိခိုက်နိုင်ခြင်း တို့ကြောင့် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဆန္ဒပြပွဲဦးဆောင်သူများထဲမှတစ်ဦးဖြစ်သူ ဦးရွှေအုန်းက"စပြီးမတည်ဆောက်ခင်ကတည်းက ကျွန်တော်တို့ဒေသခံတွေ ကန့်ကွက်နေခဲ့တာပါ။ဒါကို ဘယ်သူမှဖြေရှင်းမပေးဘဲ အခုလိုဆက်ဆောက်နေလို့ ဆန္ဒပြတောင်းဆိုရတာပါ။"ဟုပြောသည်။

ဆန္ဒပြတောင်းဆိုသူများသည် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း အလိုမရှိ၊ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးသူ ပြည်သူ့ရန်သူ၊တို့ရန်သူ၊ဒေသခံပြည်သူများဆန္ဒမပါသော လုပ်ငန်းများ ချက်ခြင်းရပ် စသည့်ကြွေးကြော်သံများဖြင့် ကျေးရွာများကိုပတ်ကာ စီမံကိန်းဆောင်ရွက်နေသည့် နေရာအထိ ချီတက်ခဲ့ကြသည်။

ဒေသခံများအနေဖြင့် လက်ရှိတည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံးအား ရပ်တန့်ပေးရေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး ဖြေရှင်းမှုများပြုလုပ်မပေးပါက စက်ရုံတည်ဆောက်သည့်နေရာတွင် သပိတ်စခန်းဖွင့်၍ တားဆီးသွားမည် ဖြစ်ကြောင်းသိရသည်။

"အခုတောင်းဆိုမှုကို အစိုးရအဖွဲ့က ဖြေရှင်းမပေးဘူးဆိုရင် သပိတ်စခန်းဖွင့်ပြီး တားဆီးသွားပါမယ်။"ဟု ဦးဆောင်သူအားလုံးက ဆိုသည်။

စက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေခြင်းကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်းများပျက်စီးနေခြင်း၊အများသုံး ကျေးရွာသောက်သုံးရေကန်ပျက်စီးနေခြင်းနှင့်စိုက်ခင်းအချို့လည်း ပျက်စီးနေကြောင်း ဆန္ဒပြသူများက ဆိုသည်။

"အခုဆို အားလုံးသုံးနေတဲ့ရေကန် ပျက်စီးနေပါပြီ၊သူတို့ရဲ့အညစ်အကြေးတွေလည်း အဲဒီကန်အနီးမှာ စွန့်ပါတယ်။ဒါတွေကို သက်ဆိုင်ရာအနေနဲ့လာကြည့်စေချင်တယ်။"ဟု ဒေါ်ခင်နွှဲ့ကြည်ကပြောသည်။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ၂၀၁၄ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ ကန့်ကွက်စာများ ကို ၂၀၁၇ခုနှစ်၊နိုဝင်ဘာလအထိ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဖြေရှင်း   ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဆန္ဒပြသူများကဆိုသည်။

ထိုသို့ အကြိမ်ကြိမ်ကန့်ကွက်စာများတင်ခဲ့သော်လည်း ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်တွင် စက်ရုံ တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ချို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly