FDA ဝန်ထမ်းအမျိုးသမီးအသတ်ခံရမှု တက္ကစီခနှင့် ပတ်သက်ပြီး စကားများရာမှ သတ်ခဲ့ခြင်းဟု ထွက်ဆို

FDA ဝန်ထမ်းအမျိုးသမီးအသတ်ခံရမှု တက္ကစီခနှင့် ပတ်သက်ပြီး စကားများရာမှ သတ်ခဲ့ခြင်းဟု ထွက်ဆို
Photo-ရဲဇာနည် Facebook

ဇန်နဝါရီ ၂၄ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီးတွင် နေပြည်တော် FDA မှ ဝန်ထမ်းအမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့သော အမှုနှင့်ပတ်သက်ပြီး တက္ကစီယာဉ်မောင်း အမျိုးသားတစ်ဦး ကျူးလွန်ခဲ့ပြီး တက္ကစီငှားရမ်းခနှင့်ပတ်သက်၍ စကားများရာမှ သတ်ခဲ့ခြင်းဟု ထွက်ဆိုသည်။

ပြစ်မှုကျုးလွန်သူ TAXI မော်တော် ယာဉ်အမှတ် 7E/6169 တိုယိုတာဗစ်ငွေမှင်ရောင် ယာဉ်မောင်းဖြစ်သော ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃)တိုးချဲ့ ရပ်ကွက်၊ ပတ္တမြား(၄)လမ်းနေ မျိုးဇော်ဦး(၂၇)နှစ် ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အမှုမှ တရားခံ မျိုးဇော်ဦးအား စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့ ၂၀-၁-၂၀၁၈ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်၌ အမျိုးသမီး တစ်ဦးက ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၎င်း၏ကားအား ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်၌စီးနင်း လိုက်ပါခဲ့စဉ် ကားငှားရမ်းခနှင့်ပတ်သက်၍ ဈေးဆစ်ရာမှ စကားများခဲ့ပြီး အမျိုးသမီး၏ လည်ပင်းအား ညှစ်ရာ သတိလစ်သွားခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးအား ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ ခေါ်ဆောင် သွားခဲ့ပြီး လမ်းဘေးအမှောင်အရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ကားပေါ်တွင် အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် ၁ ချက်ထိုးခဲ့ကြောင်း၊ သေဆုံးခြင်းမပြုမီ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် အလောင်းအား တွေ့ရှိရသည့်နေရာ ငမိုးရိပ်ချောင်း လက်တက်ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုပါသည် ဟု ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးရုပ်အလောင်းအား ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက်ဒဏ်ရာများဖြင့် ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန်တွင် သက်သေခံပစ္စည်းဆမ်ဆောင်း လက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူတက္ကစီယာဉ်မောင်း မျိုးဇော်ဦးကို မြောက်ဒဂုံမြို့မရဲစခန်း (ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ခရိုင် ၄ ခရိုင်ပူးပေါင်း၍ စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သက်သေခံပစ္စည်း TAXI အငှားယာဉ်၊ မရွှေရည်ဝင်း ၏ SAMSUNG လက်ကိုင်ဖုန်း(၁)လုံး၊ ပလက်တီနန် ဆွဲကြိုး(၁)ကုံး၊ အရည်ကြိုထားသော ရွှေအခဲငယ်(၁)ခု၊ အပြာရောင် မိန်းမစီးကတ္တီပါဖိနပ်(၁)ရံ၊ နိုင်ငံသားစိစစ်ရေးကဒ်(၁)ကဒ်၊ ပန်းရောင်ပိုက်ဆံအိတ်(၁)အိတ်တို့အား ကနဦးသိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေးနှင့် တရားခံမျိုးဇော်ဦးအား ကျူးလွန်ခဲ့သည့် ပြစ်မှုဖြစ်စဉ်များအလိုက် ထပ်မံအရေးယူ သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags