ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအနက်မှ တူညီသော အမှု ၄ မှုကို ပေါင်းစစ်ရန် အမိန့်ချမှတ်

ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအနက်မှ တူညီသော အမှု ၄ မှုကို ပေါင်းစစ်ရန် အမိန့်ချမှတ်
(ဓာတ်ပုံ- Naypyitaw/POOL)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ။            ။ လွန်ခဲ့သည့် နှစ်လနီးပါးက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်များအပါအဝင် မူးယစ်ဆေးဝါး တစ်ချို့နှင့် အတူ လက်ဝယ်တွေ့ရှိရပြီးနောက် ဖမ်းဆီးခံထားရပြီး အမှုပေါင်း ၁၂ မှုဖြင့် တရားစွဲဆိုခံထားရသည့် ဖြိုးကိုကိုတင့်ဆန်း၏ အမှုများမှ လေးမှုကို ပေါင်းစစ်ရန် ယနေ့ ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ယခင် ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၁၀ရက်က ရုံးချိန်းတွင်း ရာဇဝတ်ကျင့်ထုံး ၂၃၄ အရ တစ်နှစ် အတွင်းဖြစ်ပွားခဲ့သည့် ပြစ်မှုတူလျှင် ပေါင်း၍ရသောကြောင့် နှစ်ဖက်ရှေ့နေများကို တရားရုံးမှလျှောက်လဲချက် တင်ခိုင်းခဲ့ပြီး ယခု စတုတ္ထမြောက်ရုံးချိန်းတွင် ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ပေါင်းစစ်ရန် ချမှတ်ခဲ့သည့် အမှုများသည် “ပေါင်းတဲ့ အမှုက ၂/၂၀၁၈၊ နောက်တစ်ခါ ၃/၂၀၁၈ ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူတဲ့ အမှုနှစ်မှု၊၆/၂၀၁၈ရယ် ၇/၂၀၁၈ရယ် အဲဒါက လျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူတဲ့ အမှု  ၂ မှုပေါ့။အဲ့ ၂ မှုကို ပေါင်းစစ်လိုက်တာပေါ့” ဟု ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။

ယခုကဲ့သို့ အမှုများကို ပေါင်းခိုင်းခြင်းသည် စွဲချက်များကို ပေါင်းခြင်းမဟုတ်ဘဲ ၊ အမှုသွား အမှုလာများနှင့် လည်း လုံးဝသက်ဆိုင်မည်မဟုတ်ကြောင်း ယခင် တတိယအကြိမ်မြောက်ရုံးထုတ်ခဲ့သည့် ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက ပြောထားသည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော အမှုဖြင့် ၂မှု၊ လက်နက် ဥပဒေဖြင့် အမှု ၂မှု ၊ ဆက်သွယ်ရေးပုဒ်မဖြင့် ၂မှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ၂မှု၊ နိုင်ငံတော် အထိန်းအမှတ်တံဆိပ် ဖြင့် ၁မှု၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ၁မှု၊ ထို့အပြင် အမှုနှင့် ဆက်စပ်သည့် တရားခံပြေးမှု ၂မှု စသည့် အမှုများဖြင့် နေပြည်တော် ဒက္ခိဏ သိရိ ခရိုင်တရားရုံးတွင် စွဲတင်ထားသည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအား ဒက္ခိဏသီရိခရိုင် တရားရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးသွားမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရက်၊ ည ၇ နာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော် မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly