FDA ဝန်ထမ်းအမျိုးသမီးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူ တက္ကစီယာဉ်မောင်းအား ဖမ်းမိ

FDA ဝန်ထမ်းအမျိုးသမီးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူ တက္ကစီယာဉ်မောင်းအား ဖမ်းမိ
ဓာတ်ပုံ-Chit Ko Gyi facebook

ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီးတွင် နေပြည်တော် FDA မှ ဝန်ထမ်းအမျိုးသမီးတစ်ဦး   သေဆုံးလျက်တွေ့ရှိခဲ့သော အမှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် သတင်းထုတ်ပြန် သည်။

အဆိုပါ အမျိုးသမီးရုပ်အလောင်းအား ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက်ဒဏ်ရာများဖြင့် ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန်တွင် သက်သေခံပစ္စည်းဆမ်ဆောင်း လက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပတ္တမြားလမ်း၊ (၃၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် တက္ကစီယာဉ်မောင်း မျိုးဇော်ဦးဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူကို မြောက်ဒဂုံမြို့မရဲစခန်း (ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ခရိုင် ၄ ခရိုင်ပူးပေါင်း၍ စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သူ ယာဉ်မောင်း မျိုးဇော်ဦးဆိုသူကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာ တောင်ညွန့် မြို့မရဲစခန်းမှ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး အမှုနှင့် ပတ်သက် သည့် သက်သေခံပစ္စည်းများကို လိုက်လံသိမ်းဆည်းနေကြောင်းသိရသည်။

“ အခင်းဖြစ်တဲ့ပုံစံက ရဲတွေက ကောက်ချက်ချထားတာက တက္ကစီက သေချာတယ်လို့ ကောက်ချက်ချထားတာ အခုမိတဲ့ကောင်ကလည်း ဒဂုံမြောက်မှာနေတယ်။ ပြီးတော့ တက္ကစီယာဉ်မောင်း။ အသက် ၂၇ နှစ်ရှိပြီလို့ ပြောတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကွင်းဆက်ကို အကုန်ထုတ်ဖို့အတွက် ရဲကတော့ ဒီထက်ပိုပြီး ဘာမှမပြောထားဘူး” ဟု သေဆုံးသူမိန်းကလေး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၂၆ နှစ်အရွယ် မရွှေရည်ဝင်း(ခ)ရွှေရည် ဖြစ်ပြီး နေပြည်တော်ရှိ FDA အစား အသောက်နှင့်ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာနမှ ဒု ဦးစီးမှူးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags