မိုင်းငေါ့မြို့တွင် RCSS နှင့်တပ်မတော်တိုက်ပွဲဖြစ်၊ RCSS ဘက်မှ ၂ ဦးကျဟု တပ်မတော်ထုတ်ပြန်

မိုင်းငေါ့မြို့တွင် RCSS နှင့်တပ်မတော်တိုက်ပွဲဖြစ်၊ RCSS ဘက်မှ ၂ ဦးကျဟု တပ်မတော်ထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။         ။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းငေါ့မြို့တွင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ဘက်မှ ၂ ဦးကျကြောင်း တပ်မတော်မှ ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၁ ရက် ညပိုင်း မိုင်းငေါ့မြို့၏ အနောက်တောင်ဘက်တွင် RCSS/SSA အဖွဲ့မှအင်အား ၄၀ ဦးခန့် နယ်မြေကျော်လွန်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း တပ်မတော်ဘက်မှ သိရသည်။ တိုက်ပွဲကြောင့် RCSS/SSA အဖွဲ့မှ ပြောက်ကျားဝတ် အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ ၎င်း ကျည်အိမ် ၂ ခုနှင့် ၎င်းကျည် ၂၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်ပိုင်းကလည်း တပ်မတော်နှင့် RCSS တို့ ရှမ်းပြည်မြောက်ပိုင်း ဟိုပုံးမြို့တွင် အလားတူ RCSS ဘက်မှ နယ်မြေကျော်လွန်ခြင်းကြောင့် ဟုဆိုကာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၊ အရှေ့ခြမ်းနယ်မြေအတွင်းမှာ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး လုပ်ဆောင်ချိန်တွင် RCSS အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

NCA ထိုးပြီးနောက်ပိုင်း ၁နှစ်ကျော်ကျော်အတွင်းတွင် တပ်မတော်နှင့် RCSS/ SSA အနေဖြင့် မတော်တဆဖြစ်ပွားသည့် တိုက်ပွဲပေါင်း ၂၀ ခန့်ရှိနေသည်ဟု ဒုဗိုလ်မှူးစိုင်းငင်းက ပြောဆိုထားသည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို အခြားတိုင်းရင်းသား ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့်အဖွဲ့    ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly