“လူကိုကြည့်ပြီး မဲပေးမလား၊ ပါတီကိုကြည့်ပြီး မဲပေးမလား ”

“လူကိုကြည့်ပြီး မဲပေးမလား၊ ပါတီကိုကြည့်ပြီး မဲပေးမလား ”

အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှု တစ်ခုကတော့ လာမယ့် ရွေးကောက်ပွဲကျရင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ အရည်အသွေး၊အရည်အချင်း၊ ရပ်တည်ချက် စတာတွေကိုကြည့် ပြီး မဲပေးမလား၊ ပါတီကိုကြည့်ပြီး ရွေးချယ်မဲပေးကြမလား ဆိုတာပါ။ ငြင်းခုံမှုဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ အမတ်လောင်း ရွေးချယ်မှုကနေ အစ ပြုပါတယ်။

အင်န်အယ်လ်ဒီ ပါတီက အမတ်လောင်း ရွေးချယ်မှု အပြီး တစ်ချို့သော အမတ်လောင်းတွေရဲ့ အရည်အချင်း၊ ရပ်တည်မှု၊ အကျင့်စာရိတ္တ ဆိုင်ရာတွေနဲ့ ပတ်သက်လို့မေးခွန်းထုတ် စရာတွေပေါ်ပေါက် ခဲ့ပြီးနောက် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီအနေနဲ့ သန်း ၅၀ ကျော်သော ပြည်သူတွေ ဘ၀ ပြောင်းလဲအောင်တောင် ကြိုးစားနေတယ်၊ ဒါကြောင့် အရည်အတွက် ၁၀၀၀ကျော်လောက်ပဲ ရှိတဲ့ ပါတီရဲ့ အမတ်လောင်းတွေကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်းရှိတယ်၊ သူတို့ တစ်ခုခု မကောင်းတာ၊ ဖေါက်ပြန်တာတွေ ရှိရင် ပါတီက အရေးယူမယ်၊ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စိတ်မပူ ကြပါနဲ့ လာမယ့် ရွေးကောက်ပွဲမှာ လူကိုကြည့်ပြီး မဲမပေးကြပါနဲ့၊ ပါတီကိုကြည့်ပြီးတော့သာ မဲပေးကြပါလို့ ပြောဆိုတာကနေ အစပြုတာပါ။ ဒီ အငြင်းပွားမှုမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လာမယ့် ရွေးကောက်ပွဲကျရင် ပြည်သူတွေဟာ အမတ်လောင်းတွေကို ရွေးချယ် မဲပေးကြရပါတော့မယ်။ ဘယ် အမတ်လောင်းတွေကို မဲပေးရွေးချယ်ရမလဲလို့ စဉ်းစားတဲ့အခါ အဲဒီ အမတ်လောင်းတွေဟာ အမတ်အဖြစ် ရွေးချယ်ခံပြီးရင် ဘာတာဝန်တွေ ထမ်းဆောင်ရမလဲ ဆိုတဲ့ အနေအထားအပေါ် မူတည်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအရ ပြည်ထောင်စု အဆင့် အမတ်တွေမှာ တာဝန်နှစ်ခု ရှိပါတယ်။

တစ်ခုကတော့ အမတ်အဖြစ် ရွေးကောက်ခံလိုက်ရပြီး လွှတ်တော်ထဲ ရောက်သွားရင် နိုင်ငံ့ အထွတ်အထိပ် နေရာ သမ္မတ တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာမှာ မဲပေးနိုင်ရေးပါ။ အဲဒီ သမ္မတဟာ အစိုးရအဖွဲ့ ဖွဲ့မှာ ဖြစ်တဲ့အတွက် အမတ်တစ်ယောက်ရဲ့ အဲဒီ တာဝန် အတော်လေး အရေးကြီးပါတယ်။

နောက် တာဝန်တစ်ခုကတော့ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တစ်တိုင်းပြည်လုံးဆိုင်ရာ ဥပဒေ ပြုရေးပါ။ ဒါလည်း အရေးကြီးပါတယ်။ တိုင်းနဲ့ ပြည်နယ် အဆင့် အမတ်တွေရဲ့ အဓိက တာဝန်ကတော့ တိုင်း သို့မဟုတ် ပြည်နယ် လွှတ်တော်ထဲ ရောက်သွားပြီးရင် တိုင်းနဲ့ ပြည်နယ်တွေအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ပြည်ထောင်စု အဆင့် အမတ်တွေ အနေနဲ့ သမ္မတ ရွေးကောက်နိုင်ရေးမှာ မဲပေးနိုင်ဖို့ တစ်နည်းပြောရရင် အစိုးရဖွဲ့ဖို့အတွက် မဲပေးဖို့ ဆိုရင် အဲဒီ အမတ်ရဲ့ မဲဟာ အစိုးရဖွဲ့နိုင်လောက်အောင် အင်အားရှိတဲ့၊ တစ်တိုင်းပြည်လုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ တစ်ခုခုကို မဲပေးရွေးချယ်ရမယ့် သဘော ဖြစ်နေပါတယ်။ တကယ်လို့ အဲဒီ အမတ်ဟာ အဆိုပါ ပါတီကြီး တစ်ခုခုက အမတ်ဖြစ်နေရင်တော့ သေခြာပေါက် သူ့မဲဟာ သူ့ပါတီအတွက် ဖြစ်မှာပါ။ အခြား ပါတီငယ် တစ်ခုခုက ဆိုရင်တော့ သူကြိုက်နှစ်သက်ရာ မူဝါဒ ကျင့်သုံးတဲ့ ပါတီကြီးတစ်ခုခုက တင်တဲ့ သမ္မတလောင်းကို မဲပေးရမှာ အသေအခြာပဲ ဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလ ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။ သူကြိုက်တဲ့ မူဝါ ကျင့်သုံးတဲ့ ပါတီက တင်တဲ့ သမ္မတ လောင်းကို ရွေးချယ် မဲပေးရပါ လိမ့်မယ်။ ဒါကိုကြည့်ရင် သမ္မတ ရွေးချယ်ရာမှာ ပါတီတွေရဲ့ မူဝါဒ ဘယ်လောက် အရေးကြီးသလဲ တွေ့မြင်နိုင်ပါပြီ။

လက်ရှိ ရွေးကောက်ပွဲမှာလည်း ဒီအတိုင်းပါပဲ။ အမတ်လောင်းတွေကို ခွဲကြည့်ရင် နှစ်မျိုးပဲ တွေ့ရမှာပါ။ ပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်သူနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဆိုပြီးပဲ ရှိပါတယ်။ ပါတီ ကိုယ်စားပြုသူအားလုံးဟာ ပါတီရဲ့ မူဝါဒအောက်မှာပဲ အလုပ်လုပ်ကိုင်ကြရမယ့် သူတွေ ဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလတွေကတော့ လွတ်လပ်တယ် ဆိုပေမယ့်လည်း စောစောက တင်ပြခဲ့သလို သမ္မတရွေးချယ်ရာမှာ ဥပဒေပြုရာမှာ သူ့တစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်လို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ သူ ကြိုက်နှစ်သက်တဲ့ မူဝါဒ ရှိတဲ့ ပါတီကိုပဲ ကူညီအားဖြည့်ပေးရမယ့် သဘော ရှိပါတယ်။ ဒါဆိုရင် မဲဆန္ဒရှင် ပြည်သူတွေဟာ အမတ်လောင်း တစ်ယောက်ချင်းကို ရွေးချယ်မဲပေးတယ် ဆိုပေမယ့် အဲဒီ အမတ်လောင်း ဘယ်ပါတီကလဲ၊ သူ့ပါတီရဲ့ မူဝါဒက ဘာလဲ၊ အဲဒီ ပါတီ အနိုင်ရသွားရင် တိုင်းပြည် ဘာဖြစ်လာနိုင်မလဲ ဆိုတာ ကြည့်ပြီး မဲပေးရမယ်ဆိုတာ အလွန်ရိုးရှင်းပါတယ်။

ကောင်းပါပြီ။ လူကောင်းလူတော်တွေကို ရွေးချယ် မဲမပေးသင့်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လူတစ်ယောက် ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက် တော်တော် သူ့ကို ကိုယ်စားပြုတဲ့ ပါတီရဲ့ မူဝါဒတွေကို လွန်ဆန်ပြီး၊ ဆန့်ကျင်ပြီး ဘာမှ လုပ်ကိုင်လို့ မရနိုင်ပါဘူး။ အဲလို လုပ်ကိုင်ရင်လည်း ပါတီဝင် မပီသသူဖြစ်သွားမှာဖြစ်ပြီး၊ ပါတီကလည်း သူ့ကို အရေးယူ၊ ထုတ်ပစ်တာမျိုးအထိ လုပ်မှာ ပါ။ပြောရရင် မူဝါဒ မကောင်းတဲ့ မှားယွင်းနေတဲ့ ပါတီတစ်ခုခုမှာ လူတော် လူကောင်းတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို မဲပေးလိုက်ရင်တောင် သူ့ပါတီမူဝါဒက မကောင်းတဲ့အတွက် လွှတ်တော်တွင်း သူ့လုပ်ရပ်ကလည်း ကောင်းလာမယ်လို့ သိပ်ပြီးတော့ မမျှော်လင့်နိုင်ပါဘူး။ ဥပဒေပြုရေးအတွက်ဆို ပိုပြီးတော့တောင် ရှင်းလင်းပါတယ်။

မူဝါဒကောင်းတဲ့ ပါတီက အမတ်တွေဟာ ကောင်းတဲ့ ဥပဒေ တင်သွင်းမှာဖြစ်ပြီး၊ အဲဒီ ဥပဒေ အတည်ပြုနိုင်ရေး အတွက် မဲပေးကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အလွန်ရိုးရှင်းပါတယ်။
တကယ်တော့ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတယ် ဆိုတာ ယေဘူယျအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ မူဝါဒတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ ပြိုင်လို့ရတာမျိုး မဟုတ်ပါဘူး။ ပါတီတွေရဲ့ မူဝါဒ သဘောထားဆိုင်ရာ ပြိုင်ဆိုင်မှုမျိုးပဲ ဖြစ်ပါတယ်။

အမတ်လောင်း တစ်ယောက်ယောက်ဟာ ပါတီ တစ်ခုခုကနေ ဝင်ပြိုင်ရင် အဲဒီ ပါတီမူဝါဒကို လိုက်နာ၊ အကောင်အထည် ဖော်ရမယ့်သူ ဖြစ်လေတော့ လူကို မကြည့်ပဲ ပါတီကိုပဲ ကြည့်ပြီး မဲပေးရမယ်ဆိုတဲ့ သဘောထားဟာ ယေဘူယျ အကျဆုံး အမှန်ကန်ဆုံး ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags