မြို့တွင်းမီနီဘတ်စ်များကိုသာ စီးတီးဘတ်စ်နှင့်လဲလှယ်မည်

မြို့တွင်းမီနီဘတ်စ်များကိုသာ စီးတီးဘတ်စ်နှင့်လဲလှယ်မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။            ။ ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်တွင်ရှိနေသည့် မီနီဘတ်စ်တိုင်းကို စီးတီးဘတ်စ်(ကားကြီး)များနှင့် လဲလှယ်သွားမည်မဟုတ်ဘဲ မြို့တွင်းဆွဲနေသည့် မီနီဘတ်စ်များကိုသာ ပြောင်းလဲရန်ဆွေးနွေးသွားမည်ဟု ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်(YBS)ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဖော်ဆောင်ခဲ့သည့် ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်(YBS)တစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၁၆ရက်နေ့ Sky Starဟိုတယ်၌ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"မီနီဘတ်စ်တိုင်းကို စီးတီးဘတ်စ်နဲ့အစားမထိုးပါဘူး မြို့ထဲမှာဆွဲနေတဲ့လိုင်းတွေကိုသာ Internally(အတွင်းကျကျ)ဆွေးနွေးမယ် ဟိုဘက်ဒီဘက်မနာအောင်ပေါ့"ဟု ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်(YBS)ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုကပြောသည်။

မြို့တွင်း၌ပြေးဆွဲနေသည့် ဘတ်စ်ကားများကို စီးတီးဘတ်စ်များဖြင် အဓိကထားပြေးဆွဲမည်ဖြစ်ပြီး မြို့ပြင်ရှိကားများကို ကြံခိုင်ရေးပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့အပြင် မီနီဘတ်စ်များတွင် ကောင်းမွန်သည့်အချက်များလည်းရှိနေပြီး မီနီဘတ်စ်စီးနင်းရသည်ကို ကြိုက်နှစ်သက်သည့်ခရီးသည်များလည်းရှိနေသည်ဟု ၎င်းကဆိုသည်။

"မီနီဘတ်စ်က တစ်ခါတစ်လေကျရင် ပိုပြီးတော့မြန်လည်းမြန်တယ် သွက်လက်တယ် လုပ်ရကိုင်ရတာလွယ်တယ် ဘတ်စ်ကားကြီးဆိုရင် တစ်ခါတစ်လေကျရင်အဲဒါမျိုးပေါ့ တချို့လူတွေကမီနီဘတ်စ်ကို ကြိုက်တဲ့လူမျိုးတွေလည်း ရှိတယ် အဲဒါမျိုးပေါ့" ဟု ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်(YBS)ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုကပြောသည်။

မီနီဘတ်စ်ကားများ၏ အဓိကပြဿနာမှာ အဝင်၊အထွက်တံးခါးပေါက်တစ်ခုတည်းပါရှိခြင်း၊ ထိုတံခါးပေါက်များ ဟိုက်ဒရောလစ်စနစ်ဖြင့် အဖွင့်၊အပိတ်မပြုလုပ်နိုင်ဘဲပျက်စီးနေခြင်းတို့ဖြစ်သည့်အတွက် စပယ်ယာပါရှိနေသည်များလည်းရှိနေသည်။

"စပယ်ယာမပါနဲ့ဆိုပြီး ကျွန်တော်တို့လုပ်ထားတာတော့ဟုတ်တယ် ။ တကယ်လို့မပါလို့ခရီးသည်တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ပိုပြီးပြဿနာတက်နိုင်တယ်။ အဲဒီတော့ကျွန်တော်တို့လုပ်ရကိုင်ရတာ ချိန်ဆပြီးလုပ်ရတာလေးတွေရှိတယ်"ဟု ဦးစောဘိုဘိုကပြောသည်။

လက်ရှိပြေးဆွဲနေသည့်မီနီဘတ်စ်များ၏တံခါးများကို ဟိုက်ဒရောလစ်စနစ်ဖြင့် အဖွင့်၊အပိတ်ပြုလုပ်နိုင်ရန် ဆောင်ရွက်စေပြီး စပယ်ယာပါရှိပါက YBS Bus Reportသို့ အကြောင်းကြားတိုင်ကြားနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ရှိဘတ်စ်ကား ၅၃၁၉စီးအနက် ဘတ်စ်ကားအသစ်အစီးရေမှာ ၂၁%ရှိနေပြီး ကျန်စီးတီးဘတ်စ်များမှာ ၅၇% နှင့် မီနီဘတ်စ်မှာ ၂၂% ရှိနေသည်။

ထို့ကြောင့် မီနီဘတ်စ်များမှာ အစီးရေ ၁၁၇၀စီး ဝန်းကျင်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags