အမည်မသိ အမျိုးသမီးရုပ်အလောင်း မင်္ဂလာဒုံတွင်တွေ့ရှိ

အမည်မသိ အမျိုးသမီးရုပ်အလောင်း မင်္ဂလာဒုံတွင်တွေ့ရှိ
ဓာတ်ပုံ- ဦးထင်လင်းအောင်

 ရန်ကုန်၊ ဇန်နဝါရီလ ၂၄ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်ရှေ့ ကားမှတ်တိုင်အနောက်ဘက်၊ စမ်းကြီးဝရပ် ကွက်အပိုင် လယ်ကွက်ရေမြောင်းအတွင်းမှ   ရွှေလက်ကောက် ၃ ကွင်းဝတ်ဆင်ထားသော အမျိုးသမီး ရုပ် အလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုအမျိုးသမီးရုပ်အလောင်းအား ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်ခန့်တွင် ကားမှတ် တိုင်တွင် ကားစောင့်နေသည့် ပြည်သူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၃ဝ အရွယ်ခန့် မျက်နှာစုတ်ပြဲ၊ ပြင်ပဒဏ်ရာမရှိ၊ မြောင်းထဲတွင် မှောက်ခုံအနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ရွှေထည်ပစ္စည်းကတော့ အခုတော့ အတုလား၊ အစစ်လားမသိသေးဘူးပေါ့နော်။ လက်ကောက် ၃ ကွင်းစစ် ဆေးဆဲပေါ့။ အသက်က ၃ဝ ဝန်းကျင်ပေါ့။ ဘယ်သူဘယ်ဝါမှန်းကိုမသိသေးဘူးဗျ။ ထူးခြားတာကတော့ မျက်နှာ မှာ ကျွန်တော်တို့အမြင်ပေါ့။ ရိုက်ထားတဲ့အနေအထားမျိုးမှာရှိတယ်။ အလောင်းဆယ်ပြီးတဲ့အချိန်တော့ မျက်နှာ က နီမြန်းနေတယ်။ သွေးတွေဘာတွေပေါ့နော်။ အဲ့ဒီလိုမျိုးအနေအထားတော့ရှိတယ်ဗျ။ အလောင်းကတော့ ပုပ် နေပြီ။ ကျွန်တော်တို့ထင်တာတော့ ၂ ရက်လောက်တော့ ရှိပြီလို့တော့ ယူဆတယ်။ အခုလက်ရှိတော့ မင်္ဂလာဒုံ မြို့မရဲစခန်းက သေမှုသေခင်းနဲ့ ဖွင့်ထားတယ်ဗျ”ဟု ဦးထင်လင်းအောင်က ပြောသည်။

အဆိုပါ အမျိုးသမီးရုပ်အလောင်းနှင့် ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ခဲ့ရာ လက် ရှိတွင် ရုပ်အလောင်းအား ဆေးရုံတွင်စစ်ဆေးနေသည့် အခြေအနေသာရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

“ အခုလက်ရှိကတော့ ဆေးရုံမှာ သွားပြီး စစ်ဆေးနေတဲ့အခြေအနေပဲ ရှိပါသေးတယ်ခင်ဗျ။ လက်ရှိတော့ အခြေအနေ မသိရသေးပါဘူး။ အသေးစိတ်စစ်ဆေးမှုတွေ သွားလုပ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယင်းအမည်မသိအမျိုးသမီးရုပ်အလောင်းအား ထပ်မံစစ်ဆေးရန် ပုလဲမြို့သစ်အရန်မီးတပ်ဖွဲ့မှ ရဲဆေးစာနှင့် အတူ မေဓါဝီဆေးရုံမှုခင်းဌာနသို့ အလောင်း PR 45 ဖြင့် ကူညီပို့ဆောင်ကာ အပ်နှံပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly