ပြန်လာမည့် ဒုက္ခသည်များတွင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူများမဟုတ်ဟု စိစစ်တွေ့ရှိက အရေးယူမည်

ပြန်လာမည့် ဒုက္ခသည်များတွင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူများမဟုတ်ဟု စိစစ်တွေ့ရှိက အရေးယူမည်
 မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးကိုကိုသော် (ဓာတ်ပုံ - RiA)

တောင်ပြိုလက်ဝဲ၊ ဇန်နဝါရီ ၂၄ ရက်။               ။ တစ်ဖက်နိုင်ငံကို ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်လည် လက်ခံရာတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများမဟုတ်ဟု စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောသည်။

“ မမှန်တဲ့လူ၊ ကျွန်တော်တို့ စိစစ်ပြီးတဲ့လူ မဟုတ်ဘူးဆိုသူတွေ ပါလာမယ်ဆိုရင် ကျွန်တော်တို့ လက်မခံပါဘူး။ အဲဒီ အခါကျတော့ တစ်ဖက်နိုင်ငံသားဆိုရင်တော့ ကျွန်တော်တို့က သူတို့ ပြန်ခေါ်သွားမလား။ ဒါမှမဟုတ် ကျွန်တော်တို့ဘက်က ကျော်လာရင်လည်း သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ရပါတယ်။”ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောသည်။

ထိုပြောကြားမှုအား ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ မြို့နယ် (နယ်စပ်တံတားဂိတ်) သို့ ရောက်ရှိနေသည့် သတင်းမီဒီယာများနှင့်   တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံအစိုးရတို့၏ သဘောတူညီချက်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် ဒုက္ခသည် အစီစဉ်နှင့် ပတ်သက်၍ မြန်မာဘက်မှ အသင့် ရှိနေချိန်တွင် တစ်ဖက်နိုင်ငံမှ တရားဝင်ထုတ်ပြန်ခြင်း တစုံတရာမပြုသေးသလို၊ ဒုက္ခသည်များအနေနှင့်လည်း ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီချိန်အထိ တစ်စုံတစ်ဦးမှ ဝင်ရောက်လာခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ARSA ၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် အတောအတွင်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည် ၆ သိန်းထက်မနည်း ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဒုက္ခသည်များ ပြန်လည် လက်ခံနိုင်ရေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နှစ်နိုင်ငံကြား အစည်းအဝေးတစ်ရပ်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly