ပါကစ္စတန်တွင် ကလေးငယ်များ မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုများ၏ အဓိက သံသယရှိသူကို ရဲဖမ်းဆီး

ပါကစ္စတန်တွင် ကလေးငယ်များ မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုများ၏ အဓိက သံသယရှိသူကို ရဲဖမ်းဆီး

 

ကရာချိ၊ ဇန်နဝါရီ ၂၄ ။                ။ ပါကစ္စတန်နိုင်ငံ ကာဆာမြို့တွင် ကလေးငယ်များကို ပစ်မှတ်ထားပြီး မုဒိမ်းကျင့် သတ်ဖြတ်နေသည့် လူမဆန်သော ကွင်းဆက် လူသတ်သမား ရှိနေသည်ဟု ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပွားစေခဲ့သော ခြောက်နှစ်အရွယ် ဇိုင်နက်အမန်းဆိုသည့် ကလေးမလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရခဲ့မှု၏ အဓိက သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်။

ကာဆာမြို့၏ နှစ်ကီလိုမီတာ အဝန်းအဝိုင်းအတွင်းမှာပင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကလေးငယ်များ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားရာတွင် ဇိုင်နက်အမန်းက ၁၂ ရက်မြောက် အဓမ္မကျင့် သတ်ဖြတ်ခံရသည့် ကလေးမလေးဖြစ်သည်။ ထိုသို့သော ဆက်တိုက်ဆိုသကဲ့သို့ သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများ ဖြစ်ပွားခြင်းကြောင့် အာဏာပိုင်များကို အပြစ်ဆိုကာ ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းနှင့် ရဲများ နေအိမ်တို့ကို မီးရှို့ဖျက်ဆီးခြင်းများအထိ ဖြစ်ခဲ့သည်။

ကာဆာမြို့ တည်ရှိရာ ပန်ဂျက်ပြည်နယ် ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၃ ရက် နှောင်းပိုင်းတွင် ဇိုင်နက်အမန်းအား သတ်ဖြတ်မှု ကျုးလွန်သည့် သံသယရှိသူ အမ်ရန်းအလီကို ဖမ်းဆီးရမိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြေညာသည်။

“ဇိုင်နက်ကို သတ်ခဲ့သူကို ဖမ်းမိတယ်။ သူဟာ အမ်ရန်းဆိုသူဖြစ်ပြီး အသက် ၂၄ နှစ်ရှိ ကာဆာမြို့သားပဲ။ သူဟာ လူမဆန်တဲ့ လူသတ်သမားပဲ။”ဟု ဝန်ကြီးချုပ် ရှာရစ်ဖ်က ပြောသည်။

ဇိုင်နက်ကို သတ်ဖြတ်ရာ အခင်းဖြစ်နေရာက ဒီအင်န်အေနှင့် လူပေါင်း ၁၁၅၀ ကို တိုက်ဆိုက်စစ်ဆေးခဲ့ရာမှာ အမ်ရန်း၏ ဒီအင်န်အေ ရာနှုန်းပြည့် ကိုက်ညီမှု ရှိနေကြောင်း ၎င်းက ပြောသည်။

“နောက်ထပ် စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ပြီး တရားခံဟာ သူလုပ်ခဲ့သမျှ ဝန်ခံပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ သူ့ဖြောင့်ချက်ပေးတာကို ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။”ဟု ရှာရစ်ဖ်က ဆိုသည်။

“အမ်ရန်းဟာ သေဆုံးတဲ့ ကလေးမလေး ဇိုင်နက်တို့ နေအိမ် အနောက်လမ်းမှာပဲ နေထိုင်သူပါ။”ဟု ရဲတာဝန်ရှိသူတစ်ဦးက ေပြောသည်။

အမ်ရန်းကို လူသတ်မှု ပေါ်ပေါက်ပြီး ရက်ပိုင်းအတွင်း ဖမ်းခဲ့သော်လည်း ၎င်းက ငြင်းဆန်သဖြင့် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ဒီအင်န်အေ ကိုက်ညီမှုအရ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လအတွင်း ဇိုင်နက်သည် နေအိမ်မှ ပျောက်ဆုံး၍ ရဲစခန်းသို့ မိဘများက အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် အမှိုက်ပုံတစ်ခု၌ လာရောက်စွန့်ပစ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်။

မှုခင်းဆေးစစ်ချက်များအရ ဇိုင်နက်မှာ အဓမ္မပြုကျင့်ခံထားရကြောင်း သိရပြီး နိုင်ငံအဝန်း ဇိုင်နက် သတ်ဖြတ်ခံရမှုအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရုပ်သံသတင်းများကလည်း ဇိုင်နက်အား နောက်ဆုံးမြင်တွေ့ရမှုဖြစ်နိုင်သည့် စီစီတီဗီ မှတ်တမ်းတစ်ရပ်တွင် အမည်မသိလူတစ်ဦး၏ ခေါ်ရာနောက် လက်တွဲကာ ကလေးမလေး ဇိုင်နက် လိုက်ပါသွားသည့် မြင်ကွင်းကို အကြိမ်ကြိမ် ထုတ်လွှင့်ပြသခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly