ပညာရေးစရိတ်တိုးပေးရန်တောင်းဆိုမှုအား ကန့်ကွက်သည့်ကိစ္စ တက္ကသိုလ်ဆရာ၊ဆရာမအသင်းများကိုယ်စားပြုကော်မတီနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

ပညာရေးစရိတ်တိုးပေးရန်တောင်းဆိုမှုအား ကန့်ကွက်သည့်ကိစ္စ တက္ကသိုလ်ဆရာ၊ဆရာမအသင်းများကိုယ်စားပြုကော်မတီနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

 

မန္တလေးတက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂနှင့်ရတနာပုံတက္ကသိုလ် ဆရာ၊ဆရာမများ အစည်းအရုံးတို့က ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားတစ်ချို့ ပညာရေးအသုံး စရိတ်တိုးမြှင့်ပေးရေး   တောင်းဆိုနေမှုကို  ဇန်နဝါရီလ ၂၃ရက်၊ရက်စွဲဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းသည် တက္ကသိုလ်ဆရာ၊ဆရာမ အသင်းများကိုယ်စားပြုကော်မတီ (UTA)နှင့် အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်၊ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါသဘောထားကြေညာချက်ထဲတွင်

၁။  နိုင်ငံတော်အစိုးရမှ ပညာရေးအသုံးစရိတ်မြှင့်တင်သုံးစွဲပေးရေး၊ တက္ကသိုလ်များတွင်သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးရေးတို့အတွက် ၂၂-၁-၂၀၁၈ ရက်နေ့မှစတင်၍ ရတနာပုံတက္ကသိုလ်တွင်   ကျောင်းသား သမဂ္ဂများကဆန္ဒပြပွဲဆင်နွှဲကာ တောင်းဆိုလျက်ရှိကြောင်း ကြားသိရပါသည်။   ကျောင်းသားများ၏တောင်းဆိုချက်များသည် ပညာရေး အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာဆရာမများ၏ လူမှု ဘဝများဂုဏ်သိက္ခာ အဆင့်အတန်းမြင့်မားရေးအပေါ် အပြုသဘောဆောင်သော တိုးတက်မှုများဖြစ်ပေါ်ရေး အတွက် တိုက်ရိုက်အကျိုးသက်ရောက်မည်ဟ ုယုံကြည်ပါသောကြောင့် ကျွန်ုပ်တို့မှအပြည့်အဝထောက်ခံပါသည်။

၂။ ကျောင်းသားများအနေဖြင့် ငြိမ်းချမ်းစွာ၎င်းတို့၏လိုလားချက်များတောင်းဆိုမှုအပေါ် ရတနာပုံတက္ကသိုလ်ဆရာ၊ ဆရာမအစည်းအရုံးနှင့် မန္တလေးတက္ကသိုလ်ဆရာဆရာမများသမဂ္ဂအဖွဲ့တို့က အရေးပေါ်ကြေညာချက် အမှတ် ၁/၂၀၁၈ ကို ထုတ်ပြန်ပြီး နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှစတင်၍ အစဉ်အလာ ကြီးမားခဲ့သော ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလူငယ်များ၏ ပုံရိပ်ကိုနှိမ့်ချသည့်   ဝေါဟာရအသုံးအနှုန်းများကို အသုံးပြုခဲ့သည်သာမက မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတွင် အမြဲဦးထိပ်ပန်ဆင်ခဲ့ရသော "ဆရာဝတ်" ငါးဖြာထဲမှ"ဘေးရန်ဆီးကာ" ဆိုသည့်   ဆရာများ လိုက်နာစောင့်ထိန်းရမည့်ဝတ္တရားကို မျက်ကွယ်ပြုပြီး ကျောင်းသားများ အပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချခဲ့သည်ကို တွေ့ရှိသည့်အတွက်   ကောင်းမြတ်သည့်အစဉ်အလာရှိခဲ့သော ဆရာ-တပည့်ဆက်ဆံရေးကိုလွန်စွာထိခိုက် သည်ဟုယုံကြည်ပါသည်။  

၃။ ဆရာ/ဆရာမများသည် ကျောင်းသားများ၏ ဒုတိယမိဘများဖြစ်သည်ဟု ကျွန်ုပ်တို့မှ အလေး အနက် ခံယူသည်အတွက် ကျောင်းသားများ၏ပုံရိပ်ကို နှိမ့်ချခဲ့သော ရတပုံတက္ကသိုလ်ဆရာ၊ ဆရာမများ အစည်းအရုံးနှင့် မန္တလေးတက္ကသိုလ်ဆရာဆရာမများသမဂ္ဂအဖွဲ့တို့၏ အရေးပေါ်ကြေငြာချက်ကိုပြင်းပြင်းထန်ထန်
ကန့်ကွက်ပါသည်။

၄။၎င်းကြေညာချက်သည် UTAများ နှင့်သက်ဆိုင်ခြင်းမရှိသလို UTA များ၏ သဘောထားများကိုလည်း ကိုယ်စားပြုခြင်းမရှိပါ။

၅။ ပညာရေး၏ အနှစ်သာရသည် နိုင်ငံရေးအရောင်အသွေး၊ ပါတီအရောင်အသွေး၊ပုဂ္ဂိုလ်အရောင်အသွေးများ၏ လောင်းရိပ်များမှကင်းလွတ်ပြီး လွတ်လပ်စွာရှင်သန်ခြင်းဖြစ်သည့်အတွက်   ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာ တောင်းဆိုချက်များကို ဖြေရှင်းရာတွင် နိုင်ငံရေးရှု့ထောင့်မှ စဉ်စားပြီးဖြေရှင်းခြင်းမပြုဘဲ ပညာ၏အရေးကိစ္စကို ပညာရေးရှု့ထောင့် မှသာဖြေရှင်းရမည်ဖြစ်ပေသည်။

၆။ သို့ဖြစ်ပါ၍ ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂများ၏တောင်းဆိုချက်များကို သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန်ကြားချက်တစ်ခုဖြစ်သည့် စားပွဲဝိုင်းတွင်အဖြေရှာသည့် နည်းလမ်းအရသာ  ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဤကြေညာချက်ဖြင့် အလေးအနက် တောင်းဆိုလိုက်သည်ဟု ပါရှိသည်။

ဆန္ဒပြတောင်းဆိုနေသည့်ကျောင်းသားများအနေဖြင့် ညှိုနှိုင်းဆောင်ရွက်မှုများ ပြုလုပ်မပေးပါက ဆက်လက်တောင်းဆိုနေမည်ဖြစ်ကြောင်းသိရသည်။တွေ့ဆုံညှိုနှိုင်းမှုများ လုပ်ဆောင်ပေးမည်ဆိုပါကလည်း အမှန်တကယ် ဖြေရှင်းအကောင်အထည်ဖော်ပေးမည့်သူများဖြင့်သာ ဆောင်ရွက်ပေးစေလိုသည်ဟု ကျောင်းသားခေါင်းဆောင်များက  ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly