နယ်မြေပိုင်နက်အငြင်းပွားနေသည့် ကူရီးကျွန်းစုများသို့ ရုရှဝန်ကြီးချုပ် သွားရောက်လည်ပတ်မှု ဂျပန် ဆန့်ကျင်ကန့်ကွက်

နယ်မြေပိုင်နက်အငြင်းပွားနေသည့် ကူရီးကျွန်းစုများသို့ ရုရှဝန်ကြီးချုပ် သွားရောက်လည်ပတ်မှု ဂျပန် ဆန့်ကျင်ကန့်ကွက်

ရုရှဝန်ကြီးချုပ် ဒမီထရီ မက်ဗီဒက်က သြဂုတ်လ ၂၁ရက်နေ့က ကူရီကျွန်းများသို့ အလည်အပတ်သွားရောက်ခဲ့ရာ ကာလရှည် အငြင်းပွားလာခဲ့မှုတွင် ဂျပန်ကလည်း ကျွန်းစုများကို အချုပ်အခြာပိုင်သည်ဟု ပြောဆိုလာခဲ့သောကြောင့် တိုကျိုအစိုးရက ပြစ်တင်ရှုတ်ချခဲ့သည်။

မက်ဗီဒက်က ဂျပန်၏ မြောက်ဘက်၊ ရုရှ၏ အရှေ့ဖျားကမ်းရိုးတန်း ကမ်းလွန်တွင် တည်ရှိသော ကျွန်းလေးကျွန်းအနက်မှ တစ်ကျွန်းဖြစ်သည့် အိုင်တူရပ်ကျွန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်တာ အလည်အပတ်ခရီးစဉ်အတွင်း ရုရှအလံကြီးနောက်ခံထားပြီး ဓာတ်ပုံအရိုက်ခံခြင်း၊ စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခြင်းများ ပါဝင်သည်။

မက်ဗီဒက်က ကူရီးကျွန်းစုများ၏ မြောက်ဘက်တွင် တည်ရှိနေသည့် အုတ်ဟော့ပယ်လယ်ပြင်ထဲအထိ ရုရှ၏ ရေပိုင်နက် ဖြန့်ကျက်မှုနှင့်ပတ်သက်သည့် အစိုးရ အမိန့်ဒီဂရီကို လူသိရှင်ကြားဖြစ်စေရန်အတွက် အလည်အပတ်ခရီးကို အချိန်ကိုက်ပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ဂျပန်အနေဖြင့် စိတ်ပျက်နေစရာအကြောင်းမရှိဟု မက်ဗီဒက်က ပြောကြားခဲ့သည်။

ဂျပန်၏ ကျိုဒိုသတင်းအေဂျင်စီက အစိုးရရင်းမြစ်များကို ကိုးကားဖော်ပြချက်အရ မက်ဗီဒက်၏ ကူရီကျွန်းခရီးကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါ၏ လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရုရှသို့ သွားရောက်မည့် ခရီးစဉ်ကို ဆိုင်းငံထားလိုက်ရသည်ဟု ဆိုသည်။

ကီရှီဒါ၏ ရုရှခရီးစဉ်က နှစ်ပေါင်း ၇၀ကြာ နယ်မြေပိုင်နက် အငြင်းပွားမှုတွင် တိုးတက်မှုကို ရှာဖွေရန်အတွက် ကာလရှည်ကြန့်ကြနေခဲ့ရသည့် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်၏ ဂျပန်အလည်အပတ်ခရီးစဉ်အတွက် လမ်းခင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဂျပန်က ၎င်း၏ မြောက်ပိုင်းနယ်မြေဟုခေါ်သည့် ကူရီးကျွန်းစုများသို့ မက်ဗီဒက် အလည်အပတ် သွားရောက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရုရှသံအမတ်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

မက်ဗီဒက်၏ အလည်အပတ်ခရီးမှာ မြောက်ပိုင်းနယ်မြေနှင့်ပတ်သက်သည့် ဂျပန်၏ ရပ်တည်ချက်နှင့် ပဋိပက္ခဖြစ်နေပြီး ဂျပန်ပြည်သူများ၏ ခံစားချက်ကို ထိခိုက်နာကျင်စေသောကြောင့် အလွန်ဝမ်းနည်းရသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥရောပဌာနခွဲအကြီးအကဲ ဟာဂျီမီ ဟာယာရှီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly