ဘာစီလိုနာအသင်းမှာ (၈)နှစ်နီးပါးကစားခဲ့ပြီးနောက် မာရှယ်ယာနို အသင်းမှ ထွက်ခွာသွားတော့မည်

ဘာစီလိုနာအသင်းမှာ (၈)နှစ်နီးပါးကစားခဲ့ပြီးနောက် မာရှယ်ယာနို အသင်းမှ ထွက်ခွာသွားတော့မည်
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားနောက်ခံလူ မာရှယ်ယာနိုဟာ ဘာစီလိုနာအသင်းမှာ (၈)နှစ်နီးပါးခန့် ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး တရုတ်ကလပ် Hebei China Fortune အသင်းသို့ ပြောင်းရွှေ့သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဝက်စ်ဟမ်း၊ ကောရင်းတီးယန်းနှင့် ရေးဗားပလိတ်အသင်းများမှာလည်း ကစားခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်က လီဗာပူးလ်မှ ဘာစီလိုနာအသင်းသို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ နူးကမ့်မှာ လာလီဂါဖလား ၄ လုံးနှင့် ချန်ပီယံဖလား ၂ လုံးအပါအဝင် ဖလား ၁၈ လုံး ရရှိခဲ့ပါတယ်။ မာရှယ်ယာနိုဟာ ကာတာလန်ကလပ်အတွက် ပွဲပေါင်း ၃၃၄ ပွဲကစားခဲ့ပြီး တစ်ဂိုးသာ သွင်းယူခဲ့ပါတယ်။

ဒီရာသီမှာ ကလပ်အသင်းအတွက် ၁၂ ပွဲသာ ကစားထားတဲ့ မာရှယ်ယာနိုကို ဗုဒဟူးနေ့မှာ တရားဝင် နှုတ်ဆက်ပွဲ ပြုလုပ်သွားလိမ့်မယ်လို့ သိရပါတယ်။

သူဟာ ကြာသပတေးနေ့မှာ အက်စ်ပန်ညိုနဲ့ စပိန်ဘုရင့်ဖလား ဒုတိယအကျော့ပွဲစဉ်မှာ ပရိသတ်များကို နှုတ်ဆက်စကား ပြောဆိုမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly