နိုင်ငံနှင့်နိုင်ငံသားများအတွက် ကိုယ်ကျိုးစွန့်နိုင်သူများကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ရွေးမည်

နိုင်ငံနှင့်နိုင်ငံသားများအတွက် ကိုယ်ကျိုးစွန့်နိုင်သူများကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ရွေးမည်

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများ ပြုလုပ်ရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားအတွက် စွမ်းစွမ်းတမံကိုယ်ကျိုးစွန့်ပြီး လုပ်ပေးနိုင်သည့် အရည်အသွေးရှိသည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိ ဒေါက်တာနန္ဒာလှမြင့်က မဇ္ဈိမကို ပြောသည်။

"အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊လူငယ်တွေရဲ့အခန်းကဏ္ဍတွေကို မြှင့်တင်သွားတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ လူငယ် ဘယ်လောက်ပါရမယ်။ လူကြီး ဘယ်လောက်ပါရမယ်။ အမျိုးသမီး ဘယ်လောက်ပါရမယ်ဆိုတဲ့မူနဲ့ မသွားဘူး။ အဲလို မူလည်း မရှိဘူး။ ကျွန်တော်တို့က သက်ဆိုင်ရာ ဒေသပါတီက၊ မဲဆန္ဒနယ်က တက်လာတဲ့ ဒီဒေသပါတီနဲ့ ရပ်မိရပ်ဖတွေက လက်ခံတဲ့၊ နောက်တစ်ခါ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ပုဂ္ဂိုလ်မျိုး၊ သူကိုယ်တိုင်ကလည်း လုပ်နိုင်ကိုင်နိုင်ရှိတဲ့အနေအထားမျိုး၊ သူက တကယ်လို့ အရွေးအချယ်ခံရလို့ရှိရင်လည်း လွှတ်တော်ထဲမှာဖြစ်ဖြစ်၊ အစိုးရက တာဝန်ပေးတာကိုပဲဖြစ်ဖြစ် အစိုးရတာဝန်ကိုပဲ ယူရယူရ။ ယူတဲ့အခါကျရင်လည်း နိုင်ငံတော်နဲ့နိုင်ငံသားအတွက်ကို စွမ်းစွမ်းတမံ၊ ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်တဲ့ အရည်အသွေးရှိတဲ့ပုဂ္ဂိုလ်များကို ရွေးချယ်တဲ့မူလေးနဲ့ ဒေသပါတီက ရွေးချယ်တဲ့ အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ကတော့ တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတွေဖြစ်လာဖို့အတွက် ကိုပဲ ကိုယ်စားလှယ်ရွေးချယ်တဲ့နေရာမှာ သွားတယ် "ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

လက်ရှိတွင် လူငယ်ပါတီဝင် နှစ်သန်းကျော်နှင့်အမျိးသမီးပါတီဝင် နှစ်သန်းကျော်ရှိနေပြီး ၎င်းတို့၏ အရည်အသွေး တိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မူအားဖြင့် နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်နှင့်အနေအထားပေါ်မူတည်ပြီး မည်သည့်နေရာတွင် ပြိုင်မည်နှင့် ဝင်ရောက် ပြိုင်၊ မပြိုင်ကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြီးမှသာ ဆုံးဖြတ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly