One Championship ရွှေခါးပတ်လုပွဲ မြန်မာ့စပါးအုံး ၀င်ရောက်ယှဉ်ပြိုင်မည်

One Championship ရွှေခါးပတ်လုပွဲ မြန်မာ့စပါးအုံး ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။           ။ မြန်မာ့စပါးအုံးမြွေဟု တင်စားခေါ်ဝေါ်ခံရသည့် အောင်လအန်ဆန်အနေဖြင့် လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပရန်ရှိသည့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

One Championship ရွှေခါးပတ်လုပွဲ (ONE: QUEST FOR GOLD) ပြိုင်ပွဲအဖြစ် အောင်လအန်ဆန်းနှင့် မာချာဒိုတို့၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲကို ဖေဖော်ဝါရီ ၂၃ မှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့  ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့်အတူ ဝမ်းမစ်ဒယ်ဝိတ်တန်း ကစားသမား ဖိုးသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီချန်ပီယံခါးပတ်ကိုကာကွယ်ဖို့နဲ့ ကျွန်တော်တို့ မြန်မာတွေဂုဏ်ယူနိုင်စေဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ “ ဟု အောင်လအန်ဆန်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၃ ရက်) One Championship (ONE) ပွဲထွက်အကြို ဟန်ရေးပြကစားခြင်းပြုလုပ်သည့် မြန်မာပလာဇာတွင် ပြုလုပ်စဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ဘက်စုံသုံးကိုယ်ခံပညာရပ်ကိုလည်း အောင်လအန်ဆန်က ပရိသတ်တစ်ဦးနှင့်အတူ သရုပ်ပြ သွားခဲ့ပြီး ကစားပွဲတွင်ထိပ်တန်းဖြစ်ရန် အမြဲမပြတ်ကြိုးစားနေရမည်ဖြစ်သလို အားပေးတဲ့ပရိသတ်ကိုလည်း ကျေးဇူးတင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် အောင်လအန်ဆန် သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး အသက် ၈နှစ်တွင် အမေရိကသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သူလည်း ဖြစ်သည်။

မကြာသေးမီကပြုလုပ်ခဲ့သည့် ဝမ်းချန်ပီယံရှစ်၏ ပထမဆုံး ဝိတ်တန်းလွတ် အထူးကစားပွဲတွင် အောင်လ အန်ဆန် သည် ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင်ချန်ပီယံ အလိန်းဂါလာနီကို ပထမအချီအစပိုင်းမှာတင် အလဲထိုးအနိုင်ယူခဲ့သည်။

ထို့အပြင် ၎င်းနှင့်အတူပါဝင်ယှဉ်ပြိုင်မည့် အသက် ၃၃ နှစ်အရွယ်ရှိ ဖိုးသော်သည်လည်း ရှုံးပွဲမရှိသေးသည့် မြန်မာ့လက်ဝှေ့ကျော်တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly