လွိုင်ကော်တွင် ဆန္ဒပြသောကြောင့် ထပ်မံတရားစွဲခံထားသူ ၃ ဦးပြန်လွတ်

လွိုင်ကော်တွင် ဆန္ဒပြသောကြောင့် ထပ်မံတရားစွဲခံထားသူ ၃ ဦးပြန်လွတ်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။         ။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှူးမှ တရားလိုလုပ်ကာထပ်မံအမှုဖွင့် ခံထားရသည့် ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးအပါအဝင် ကရင်နီပြည်သူ ၃ ဦးကို ယနေ့(ဇန်နဝါရီ ၂၃ရက်) တွင် ပြန်လွတ်ပေး လိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ LAIN နည်းပညာအထောက်အကူပြု အဖွဲ့ ဒါရိုက်တာ ကိုကျော်ထင်အောင် ကပြောသည်။

" အမှုကို ပလပ်ပေးလိုက်တတယ်။ အဲ့ဒီ့အတွက်ကြောင့်ပေါ့၊ ၃ ယောက် ခွန်ဘီထူးရယ်၊ ခူးသူရယ်တို့ရယ်ကအခုမနက်လွတ်လာတယ်။ ပထမ ၅ ယောက်ကတော့  ရက် ၂၀ ကမနက်ဖြန်ပြည့်ပြီ " ဟု ၎င်းကဆိုသည်။

ယနေ့လွတ်မြောက်လာသူ ၃ဦးမှာ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုး ဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းနှင့် ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်တို့ဖြစ်ကြသည်။  ဇန်နဝါရီ ၅ ရက်နေ့က ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့်တရာစွဲဆိုခံထားရသူ ၅ ဦးကို တရားရုံးသို့လိုက်ပို့စဉ် ခွင့်ပြုချက်မယူဘဲ ဟောပြောခဲ့မှုကြောင့် ၎င်းတို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ် ၃ ဦး၏အမှုမှာ တရားလိုဖြစ်သည့် လွိုင်ကော်မြို့မစခန်းမှူးမှ အမှုကိုရုတ်သိမ်းပေးလိုက်ခြင်းဖြစ်ပြီး ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP ) ဘက်မှ ဝင်ရောက်ညှိနှိုင်းပေးခဲ့ခြင်းကြောင့်လည်းပါဝင်သည်ဟု သိရသည်။

အဆိုပါ ကန့်ကွက်ရံှု့ချ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ငွေဒဏ်သုံးသောင်းစီ လွိုင်ကော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး ငွေဒဏ်မဆောင်သည့်အတွက် ထောင်ဒဏ် ရက် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီးခွန်ဘီထူးက " ဝန်းရံသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို အမှုကို ပလပ်လိုက်ပါပြီး ကျနော်တို့ ၃ ဦးအရင် ပြန်လွတ်လာပြီ။ မနက်ဖြန် ၂၄ မှာ ကျန် ၅ ဦးလွတ်မယ် " ဟုပြောသည်။

၎င်းတို့သည် KNPP ရဲဘော် (၃) ဦးနှင့် အရပ်သား (၁) ဦး အငြင်းပွားဖွယ်သေဆုံးမှု အပေါ် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့် လူငယ် (၅) ဦး ကိစ္စနှင့်ပက်သက်ပြီး ဇန်နဝါရီလ ( ၅ ) ရက်နေ့ လွိုင်ကော်မြို့နယ် တရားရုံးသို့ ကရင်နီပြည်သူ (၁၀၀၀) ဝန်းကျင်ခန့်က ဝန်းရံပေးရန် ဦးဆောင်ခဲ့သူများလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly