ဘရာဇီးနိုင်ငံက သဲပုံ ရဲတိုက် ထုဆစ်သူတစ်ဦးရဲ့ ထူးခြားတဲ့ နေထိုင်မှု ဘဝ

ဘရာဇီးနိုင်ငံက သဲပုံ ရဲတိုက် ထုဆစ်သူတစ်ဦးရဲ့ ထူးခြားတဲ့ နေထိုင်မှု ဘဝ

ဇန်နဝါရီ ၂၃ ။           ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ကမ်းခြေတစ်ခုအနီးမှာတော့ မာစီယို မီဇယ် မက်တိုလီယာစ် ဆိုသူ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ သဲပုံ ရဲတိုက်တွေကို ဖန်တီးထုဆစ်ရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။

ဘုရင်တွေဆောင်းလေ့ရှိတဲ့ သရဖူတစ်ခုကို ခေါင်းမှာ ဆောင်းထားတဲ့ မာစီယိုဟာ ဇန်နဝါရီလ နေ့လည် ပူပြင်းမွန်းကျပ်တဲ့ ရာသီဥတုအောက်မှာ သူ့ရဲ့လက်ရာ သဲပုံ ရဲတိုက်တစ်ခုကို ဂရုတစိုက် ပြန်လည်ပြုပြင်နေပါတယ်။

ဒါ့အပြင် မာစီယိုဟာ သူကိုယ်တိုင် ထွင်းထု ဖန်တီးထားတဲ့ သဲပုံ ရဲတိုက်တစ်ခုအထဲမှာပဲ နေထိုင်တာဖြစ်ပါတယ်။ အဲဒီ သဲပုံရဲတိုက်မှာပဲ သူနေလာတာကလည်း နှစ်ပေါင်း ၂၂ နှစ်တောင် ရှိနေပြီလို့ သိရပါတယ်။

ရီယို ဒီဂျနေးရိုးရဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ ဘာရာဒါ တီဂျူကာ အရပ်က အသိမိတ်ဆွေ အပေါင်းအသင်းတွေကတော့ မာစီယိုကို " ဘုရင် " လို့ပဲ ခေါ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

များသောအားဖြင့် အပေါ်ပိုင်း အဝတ်မဝတ်ဘဲနဲ့ နေတတ်တဲ့ မာစီယိုကတော့ ပင်လယ်ကမ်းစပ်အနားမှာ သဲပုံ ရဲတိုက်တွေကို ဖန်တီးလေ့ ရှိပါတယ်။

၎င်းဟာဆိုရင် မကြာမီမှာပဲ အသက် ၄၄ နှစ် ပြည့်ပါတော့မယ်၊ ဒါပေမယ့် ဒီလိုမျိုး သဲပုံ ရဲတိုက်မှာပဲ နှစ်တွေအကြာကြီး နေလာခဲ့ရာမှာတော့ ဒီနေရာက တစ်ခြားနေရာ ပြောင်းပြီး မနေချင်တော့ဘူးလို့လည်း ဆိုပါတယ်။

" ဂွမ်နာဘာရာ ပင်လယ်အော်မှာပဲ ကျွန်တော် ကြီးပြင်းခဲ့ရပါတယ်၊ အမြဲတစ်စေ ကမ်းခြေအနားမှာပဲ ကျွန်တော် နေခဲ့ရတယ်၊ လူတွေ တော်တော်များများကတော့ ဒီလိုမျိုး ပင်လယ်ကမ်းခြေရှေ့မှာ လာနေကြဖို့အတွက် ငွေတွေ မတန်မဆ ပေးပြီး တည်းခိုနေကြတာကို တွေ့ရပါတယ်၊ ကျွန်တော့်မှာတော့ သူတို့လို ငွေတွေအများကြီး ပေးစရာမရှိပါဘူး၊ ဒါပေမယ့် ဒီလိုမျိုး နေရာမှာ ကျွန်တော် ကောင်းကောင်းနေလို့ရတာပဲလေ" လို့ ၎င်းက အေအက်ဖ်ပီကို ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly