ပိုမိုတုန်ခါလာသည့် မေယွန်မီးတောင်မှ မှုတ်ထုတ်သည့် ပြာမှုန်များကြောင့် ၀န်းကျင်တစ်ဝိုက် အမှောင်ဖုံးလွှမ်း

ပိုမိုတုန်ခါလာသည့် မေယွန်မီးတောင်မှ မှုတ်ထုတ်သည့် ပြာမှုန်များကြောင့် ၀န်းကျင်တစ်ဝိုက် အမှောင်ဖုံးလွှမ်း

မနီလာ၊ ဇန်နဝါရီ ၂၃ ။          ။ ဖိလစ်ပိုင်နိုင်ငံက မှိုပွင့်ကြီးသဏ္ဍာန် မေယွန်မီးတောင်သည် ဇန်နဝါရီ ၂၂ ရက်က တုန်ခါမှုများ ပိုမိုဖြစ်ပွားလာကာ မှုတ်ထုတ်နေသည့် မီးတောင်ပြာများကြောင့် ဝန်းကျင်နေထိုင်သူများအတွက် နေ့မှ ညရောက်သလို အမှောင်ဖုံးစေကာ မီးတောင်ကြီး ပေါက်ကွဲမှု သတိပေးချက်ကြောင့်လည်း ထောင်ပေါင်းများစွာက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရလျက်ရှိသည်။

“အန္တရာယ် ဖြစ်တဲ့အထိ ပေါက်ကွဲနိုင်ခြေများနေပါတယ်။”ဟု ဖိလစ်ပိုင် မီးတောင်ရေးရာဌာနက နောက်ဆုံးသတိပေးချက် ထုတ်ပြန်ပြီး သက်ဝင်တုန်ခါနေသည်မှာ သီတင်းနှစ်ပတ်မျှ ရှိနေသည့် ယင်းမေယွန်မီးတောင်သည် ရက်ပိုင်းအတွင်း ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

လူပေါင်း နှစ်သိန်းနီးပါး နေထိုင်ရာ လီဂါဇာပီမြို့ပေါ်သို့ ပြာနှင့် သဲမှုန်များ ကျရောက်လျက်ရှိပြီး နေ့လယ်ပိုင်း ပြာမှုန်များ မှုတ်ထုတ်ကာ ပေါက်ကွဲမှုအပြီး ယင်းဝန်းကျင်ဒေသသည် ညအသွင် အမှောင်ဖုံးသွားသည်။ ထိုကြောင့် မောင်းနှင်နေသည့် ကားများမှာ ရှေ့မီးသီးများ ဖွင့်ကာ မောင်းနှင်နေရကြောင်းကို အေအက်ဖ်ပီက ရုပ်သံသတင်းအဖြစ် ထုတ်လွှင့်သည်။

မီးတောင်ဝမှ အထက်သို့ ပြာမှုန်များ ကီလိုမီတာ တော်တော်အမြင့်အထိ မှုတ်ထုတ်ခြင်းကြောင့် မနီလာမြို့ အရှေ့တောင်ဖက် ၂၀၅ မိုင်ခန့်တွင်ရှိနေသော ယင်းအနီးဝန်းကျင်နယ်မြေတွင်   နေရောင်မမြင်ရလောက်အောင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ဆိုင်ကယ်ကို ရပ်လိုက်ရတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်မ ဆိုင်ကယ်ဦးထုပ်တစ်ခုလုံး ပြာတွေနဲ့ ဖုံးလွှမ်းပြည့်နေလို့ ဖြစ်တယ်။”ဟု လမ်းဘေးတွင် ဆိုင်ကယ်ထိုးရပ်ထားသော အသက် ၃၉ နှစ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သူက အေအက်ဖ်ပီသို့ ပြောသည်။

“မီးတောင်က ဆက်လက်တုန်ခါပေါက်ကွဲနေဦးမှာပဲ။ အန္တရာယ်အဆင့်အထိ ပေါက်ကွဲလာမယ် ထင်တယ်။”ဟု မီးတောင်နှင့် မြေငလျင်ဌာန ညွှန်ကြားရေးမှူး ရီနာတိုက မနီလာက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်မှစကာ စတင်လှုပ်ရှားလာပြီး ပြာမှုန်များ မှုတ်ထုတ်သည် မေယွန်မီးတောင်ကြောင့် လူပေါင်း ၄၀၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly