မန်ယူကစားသမားသစ်ဆန်းချက်ဇ် အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခပေါင် ၁၄ သန်းရမည်

မန်ယူကစားသမားသစ်ဆန်းချက်ဇ် အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခပေါင် ၁၄ သန်းရမည်

ဇန်နဝါရီ ၂၃၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမားသစ်ဖြစ်လာသည့် ချီလီတောင်ပံ တိုက်စစ်သမားဆန်းချက်ဇ်သည် အသင်းတွင် အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၄ သန်းရရှိမည်ဖြစ်သည်။

မန်ယူနိုက်တက်သည် ဆန်းချက်ဇ်ကို ကွင်းလယ်ကစားသမား မစ်ခီတာယန်နှင့် တိုက်ရိုက်လဲလှယ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၉ နှစ် အရွယ်ကစားသမားကို လေးနှစ်ခွဲစာချုပ်နိုင်ခဲ့သည်။

ယမန်နှစ်နွေရာသီကတည်းက ဆန်းချက်ဇ်ကို ခေါ်ယူရန်ကြိုးစားခဲ့သည့် မန်စီးတီးအသင်းသည် ဇန်နဝါရီတွင် မန်ယူနိုက်တက်နှင့် အပြိုင်စိတ်ဝင်စားခဲ့သော်လည်း လစာအမြင့်ဆုံးပေးပြီးခေါ်ပါက အသင်းစိတ်ဓါတ်ကိုထိခိုက်စေမည်စိုးရိမ်သဖြင့် လက်လျှော့ခဲ့သည်။

အာဆင်နယ်သို့ရောက်သွားသည့် အသက် ၂၉ နှစ်အရွယ် မစ်ခီတာယန်သည် မန်ယူနိုက်တက်အတွက် ၆၃ ပွဲကစားပြီး ၁၃ ဂိုး သွင်းနိုင်ခဲ့သည်။ ယင်းအာမေးနီးယားကစားသမားသည် ၂၀၁၆ ဇူလိုင်တွင် ဒေါ့မွန်မှ ပေါင် ၂၆ ဒသမ ၃ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်သည်။

မန်ယူနိုက်တက်အသင်း၏ ကစားသမားဖြစ်လာသူဆန်းချက်ဇ်သည် ကျောနံပါတ် ၇ ကိုဝတ်ဆင်မည်ဖြစ်ပြီး သောကြာနေ့တွင် ယိုဗီးလ်နှင့်ကစားမည့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်၌ ပါဝင်လာဖွယ်ရှိနေသည်။

၂၀၁၄ ဇူလိုင်တွင် ဘာစီလိုနာမှပေါင်သန်း ၃၀ ဖြင့်ပြောင်းလာသည့် ဆန်းချက်ဇ်သည် အာဆင်နယ်အတွက် ဂိုး ၈၀ သွင်းပေးထားပြီး ယမန်နှစ်က ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းနိုင်ခဲ့သည်။

“ကမ္ဘာ့အကြီးကလပ်ဆီရောက်လာခဲ့လို့ ဝမ်းသာပါတယ်။ ဒီလိုသမိုင်းဝင်ဘောလုံးကွင်းမှာကစားရမယ့်အခွင့်အရေး၊ မော်ရင်ဟိုနဲ့ လက်တွဲရမယ့်အခွင့်အရေးကို ကျွန်တော်မငြင်းနိုင်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းမှာပထမဆုံးကစားခွင့်ရတဲ့ ချီလီကစားသမားတစ်ယောက်ဖြစ်လာတော့မှာကို သိပ်ဂုဏ်ယူမိသလို အသင်းက ကျွန်တော့်ကိုဘာကြောင့်လိုချင်နေသလဲဆိုတဲ့အကြောင်းရင်းကို တစ်ကမ္ဘာလုံးကပရိသတ်တွေကိုပြသနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆန်းချက်ဇ်က ဆိုသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly