ယာယီအစိုးရရန်ပုံငွေကို ကန်လွှတ်တော်နှစ်ရပ် အတည်ပြု၍ အစိုးရ ယန္တရား ပြန်အသက်ဝင်

ယာယီအစိုးရရန်ပုံငွေကို ကန်လွှတ်တော်နှစ်ရပ် အတည်ပြု၍ အစိုးရ ယန္တရား ပြန်အသက်ဝင်

 

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ။               ။ အမေရိကန်နိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေမူဝါဒနှင့် ပတ်သက်ပြီး သဘောမမျှခြင်းမှ စကာ အစိုးရအသေးသုံးဘတ်ဂျက် အတည်မပြုနိုင်ခြင်းကြောင့် အစိုးရယန္တရားတန့်ရပ်မှု ဖြစ်ပေါ်နေခဲ့သည့် သုံးရက်တာကာလ အဆုံးသတ်အဖြစ် ယာယီရန်ပုံငွေဥပဒေကြမ်းကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်က ဇန်နဝါရီ  ၂၂ ရက်တွင် အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၈ ရက်အထိ အစိုးရရန်ပုံငွေအတွက် ထည့်ဝင်သော အသေးသုံးဘတ်ဂျက်ဥပဒေကြမ်းကို အိမ်ဖြူတော်သို့ တင်ပြထားပြီး သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးရန် ရှိသည်။ ယခု ဥပဒေတတွင် လူကြိုက်များသည့် ကလေးငယ်များ ကျန်းမာရေးအာမခံစီမံချက်အတွက် လုပ်ပိုင်ခွင့်ပါ ပါရှိလာသည်။

လူငယ်ရွှေ့ပြောင်းဝင်ရောက်သူများ၏ အနာဂတ်နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည်ဆိုသော ရီပတ်ဘရီကန်များဖက်က ကတိပြုချက်ကို ဒီမိုကရတ်အမတ်များ လက်ခံလိုက်ပြီးနောက် ယခု ဥပဒေကြမ်းကို ဆီးနိတ်၌ ၈၁-၁၈ မဲ၊ အောက်လွှတ်တော်၌ ၂၆၆-၁၅၀ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Dreamers ဟု ခေါ်ဆိုကြသည့် ကလေးအရွယ်မှစကာ အမေရိကန်နိုင်ငံအတွင်း ခိုးဝင်မိသားစုများနှင့် အတူရောက်ရှိကာ အရွယ်ရောက်နေပြီ ဖြစ်သူများအတွက် ရီပတ်ဘရီကန်တို့၏ မူဝါဒကို ဒီမိုကရတ်များက လက်မခံနိုင်ဘဲ အစိုးရအသေးသုံးဘတ်ဂျက်တွင် ထို Dreamers များအတွက် အာမခံချက်ပါဝင်ရေး တောင်းဆိုကာ ကန့်ကွက်ရာမှ ဘတ်ဂျက်အတည်မပြုနိုင်ဘဲ အစိုးရယန္တရား တန့်ရပ်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ ယန္တရား တန့်ရပ်မှုကြောင့် အစိုးရလုပ်ငန်းဌာနများ ပိတ်ထားခဲ့ရသည်မှာ သုံးရက်မြောက် ရှိသွားခဲ့ပြီဖြစ်ပြီး ယခုတွင် ယာယီရန်ပုံငွေ ဥပဒေကြမ်း အတည်ပြုနိုင်ပြီဖြစ်၍ ပြန်လည်လည်ပတ်တော့မည်ဖြစ်သည်။

ယခင်သမ္မတ အိုဘားမားလက်ထက်ကလည်း ယင်းသို့ ယန္တရားတန့်ရပ်မှု ဖြစ်ခဲ့ပြီး ၁၆ ရက်တာ လုပ်ငန်းဌာနများ တန့်ရပ်မှု ဖြစ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly