မွေးရာပါခြေပူးလက်ပူးများ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အနာရွတ်၊ အဆီကြိတ်လုံးများအား အခမဲ့ ခွဲစိတ်ကုသ ပေးမည်

မွေးရာပါခြေပူးလက်ပူးများ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အနာရွတ်၊ အဆီကြိတ်လုံးများအား အခမဲ့ ခွဲစိတ်ကုသ ပေးမည်
ဓာတ်ပုံ- ဒွေးမယ်နော်တို့ကျန်းမာရေး

 

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။         ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ခုတင် ၅ဝဝ ဆံံ့ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါခြေပူးလက်ပူးဖြစ်နေသူများ အဆီကြိတ်လုံးများ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများနှင့် မီးလောင်ရေနွေးပူလောင် အနာရွတ်များအား အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ အတွင်းရေးမှူး(စီမံ) ဒေါ်ခင်ခက်ခက်ခိုင်က မဇ္ဈိမသို့ ပြောသည်။

ထိုသို့ ခွဲစိတ်ကုသပေးခြင်းအား မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ခွဲစိတ်ကုသမှုစရိတ်ကို အကုန်အကျခံပေး သွားမည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ လူနာတွေက နယ်တွေမှာရှိနေပြီး သူတို့ ရန်ကုန်အထိလာကုသဖို့ ခက်ခဲတဲ့ လူနာတွေအတွက်ဆိုရင် ဒါက အခွင့်အရေးကောင်းတစ်ခုပဲ။ နောက်ပြီးတော့ ကုန်ကျစရိတ်လည်း အသက်သာဆုံးဖြစ်မယ်။ အခုက စားစရိတ်၊ နေစရိတ်တော့မပါဘူး။ ဒါပေမယ့် ခွဲစိတ်ကုသမှုပိုင်းကတော့ အခမဲ့ပေါ့နော်။ ဒီကနေပြီးတော့ လူနာ တစ် ယောက် ဂျာမနီနိုင်ငံသွားခွဲဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ဂျာမနီက ဆရာဝန်ကြီးတွေနဲ့ မြန်မာ နိုင်ငံက ဆရာဝန်ကြီးတွေပူးပေါင်းပြီး ဆောင်ရွက်တဲ့အချိန်မှာ လူနာတွေအတွက် အရမ်းအကျိုးရှိပါတယ်”ဟု ဒေါ်ခင်ခက်ခက်ခိုင်က ပြောသည်။

ထိုသို့ခွဲစိတ်ကုသပေးရန်အတွက်လည်း ဂျာမနီနိုင်ငံမှ ခွဲစိတ်ဆရာကြီး ၄ ဦးအပါအဝင် စုစုပေါင်း ၈ ဦး လာ ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ ၁၈ ရက်နေ့ဆိုရင် လူနာတွေရောက်ရပါမယ်။ ၁၈ ရက်နေ့ တမနက်လုံးကို လူနာတွေကြည့်ပါမယ်။ လူနာတွေ များရင် ရက်ကို အဲ့ဒီမှာတစ်ခါတည်းခွဲလိုက်မှာဆိုတော့။ ၁ဝ ရက်စာအတွက်ကို တစ်ခါတည်းခွဲလိုက်မှာဆိုတော့ နောက်ရက်တွေမှ လာမယ်ဆိုရင်တော့ ခွဲစိတ်ကုသဖို့ ခက်ခဲသွားပါမယ်” ဟု ဒေါ်ခင်ခက်ခက်ခိုင်က ပြောသည်။

ခွဲစိတ်ကုသလိုသည့် ဝေဒနာရှင်များအနေဖြင့် လွိုင်ကော်မြို့၊ ခုတင် ၅ဝဝ ဆံံ့ပြည်သူဆေးရုံကြီးသို့ ဇန်နဝါရီ ၂၂ ရက်မှ စတင်လာရောက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး လူနာအရေအတွက် ၁၅ဝ ခန့်ကို ခွဲစိတ်ကုသပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly