မြေပြိုမှုကြောင့်ပျက်ဆီးဆုံးရှုံးသည့် အိမ်ထောင်စုများအတွက် မြေနေရာအစားထိုးပေးမည်

မြေပြိုမှုကြောင့်ပျက်ဆီးဆုံးရှုံးသည့် အိမ်ထောင်စုများအတွက် မြေနေရာအစားထိုးပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ဟားခါးမြို့အတွင်းရှိ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ ပျက်ဆီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများ အတွက် မြေနေရာများ အစားထိုးပေးအပ်မည်ဟု ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က သြဂုတ် ၂၃ရက်တွင် မဇ္ဈိမကိုပြောသည်။

"နှစ် ၃၀စီမံကိန်းလျာထားတဲ့ ဧက ၂၀၀၀၀ထဲကနေ အိမ်ထောင်စုတစ်ခုကို ပေ၆၀၊ ပေ၈၀ ပတ်လည် မြေကွက် ပေးမှာပါ။ အဲလိုပေးဖို့ သတ္တုတွင်းက လုပ်နေတဲ့ မြေအနေအထား စစ်ဆေးမှုပြီးတာနဲ့ ပေးမယ်" ဟု ၎င်းက ဆိုသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနံှ့အပြားတွင် ရေကြီးမှုများနှင့် ချင်းပြည်နယ် ဟားခါးတွင်မူမြေပြိုမှုကြောင့် ဟားခါးမြိုပေါ်ရှိ ရပ်ကွက် ၄ခုနှင့်ကျေးရွာ ၁၇ရွာတို့ ပျက်ဆီး ဆုံးရှုံးခဲ့သည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

ရေကြီး၊ မြေပြိုမှုကြောင့် လုံးဝပျက်ဆီး ဆုံးရှုံးသည့် အိမ်ထောင်စုပေါင်း ၄၈၀ခုကို ပထမဦးစားပေး၊ အက်ကွဲ ကြောင်းများဖြစ်ပေါ်ပြီးလူနေထိုင်ရန် မသင့်သည့်နေရာများတွင် ရှိနေသည့်အိမ်ထောင်စု ၃၇၅ခုကို ဒုတိယ ဦးစားပေး နှင့် အန္တရာယ်ရှိသည့် နေရာအဖြစ် သတ်မှတ်ထားသူများကို တတိယ ဦးစားပေးအဖြစ် နေရာချထားပေးမည်ဖြစ်သည်။

တတိယဦးစားပေးဖြစ်သည့် အန္တရာယ်ရှိနေရာစာရင်းကိုမူ လက်ရှိအချိန်တွင် လိုက်လံကောက်ယူနေသည့် အတွက် အရေအတွက် အတိအကျ မသိနိုင်သေးကြောင်း၊ ယင်းတို့အားလုံးအတွက် နေရာချထားပေးမှုကို လက်ရှိပြုလုပ်နေသည့် သတ္တုတွင်း ဝန်ကြီးဌာန၏ မြေယာစိစစ်မှုလုပ်ငန်းများ ပြီးဆုံးသည့် စက်တင်ဘာ ဒုတိယအပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု ဦးစိုးနိုင်ကဆိုသည်။

သြဂုတ်လ ဒုတိယအပတ်အတွင်း ဟားခါးမြို့မြေနေရာအခြေအနေကို သွားရောက်စစ်ဆေးခဲ့သည့် ရန်ကုန် ဘူမိသိပ္ပံအသင်းမှု ဦးအေးလွင်ကမူ ချင်းပြည်နယ်မြေသားမှာ အခြား ပြည်နယ်နှင့် တိုင်းများနှင့်နှိုင်းယှဉ်လျင် အပေါ်ယံခိုင်မာမှု အားနည်းပြီး၊ အောက်ခံကျောက်သားမှာ သက်တမ်းနုသည်ဟု ဆိုထားသည်။

လက်ရှိတွင် ဟားခါးမြို့မှ မြေပြိုရေကြီးမှုခံစားရသည့် ရပ်ကွက်ပေါင်း ၄ခုနှင့် ကျေးရွာ ၁၇ရွာမှ လူဦးရေ ၅၀၃၀ကို ဟားခါးမြို့တွင်ပင်၊ ကယ်ဆယ်ရေးစခန်း ၇ခုဖွင့်လှစ်ကယ်ဆယ်ထားသည်ဟု ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်း မိုးကြီးရေလျံ၊ မြေပြိုမှုဒဏ်ကို လူဦးရေ ၁ ဒဿမ ၆သန်းက ခံစားခဲ့ရပြီး၊ လူဦးရေ ၅၄၀၀၀၀မှာ စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားခြင်းစာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး(မြန်မာ)က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly