ရေဆိုးမသန့်စင်နိုင်သေးသည့် အရက်ချက်စက်ရုံများ ရပ်တန့်ပေးရန် လှုပ်ရှားမှု

ရေဆိုးမသန့်စင်နိုင်သေးသည့် အရက်ချက်စက်ရုံများ ရပ်တန့်ပေးရန် လှုပ်ရှားမှု
ဓာတ်ပုံ - မောင်ဆောင်းခ

 

ရန်ကုန်၊ ဇန်နဝါရီ ၂၂  ။                         ။ ရွှေပြည်သာမြို့နယ်ရှိ အရက်ချက်စက်ရုံများမှာ ရေဆိုးသန့်စင်စနစ်မတပ်ဆင်ထားဘဲ ဆက်လက်လည်ပတ်နေမှုအပေါ် ရပ်တန့်ပေးရန်အတွက် ဇန်နဝါရီ၂၁ရက်နေ့က ရွှေပြည်သာမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

ထိုစက်ရုံများကြောင့် ပတ်ဝန်းကျင်ရှိ စက်ရုံအညစ်အကြေးစွန့်ရာ မြစ်ကြောင်းတစ်လျောက်နေထိုင်သူများ အနံ့အသက်ဆိုးများခံစားနေရပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု အဆိုပါ လှုပ်ရှားမှုပြုလုပ်သူ မောင်ဆောင်းခက ပြောသည်။

"နောက်ဆုံးသူတို့ပြောပုံအရဆိုရင် စက်ရုံတွေဟာ ဒီနှစ်အောက်တိုဘာ ၁၀လပိုင်းထိကို ရေဆိုးသန့်စင်စနစ်မရှိဘဲလည်ပတ်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုသွားတွေ့ရတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့က ဆန့်ကျင်တယ် ။ ကျွန်တော်တို့ကသူတို့ဟာကြီးမပြီးမချင်းဘယ်အချိန်ပြီးမယ်မှန်းမသိတဲ့အချိန်ကာလကို စောင့်ပြီးတော့နေရမှာလား ။ အခုဆိုရင်ညဘက်တွေထိအနံ့တွေကတော်တော်ဆိုးတယ် ။ အိပ်လို့မရတဲ့ထိအောင်ကြုံနေရတယ်"ဟု မောင်ဆောင်းခက ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂၁ရက်နေ့ မနက်ပိုင်းအတွင်း မြစ်ကြောင်းတစ်လျောက်နေသူများမှ လက်မှတ်ပေါင်း ၂၅၀ကောက်ခံရရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

လက်မှတ်များကောက်ခံရာတွင်လည်း မြစ်ကြောင်းတစ်လျောက်နေသူများကို ပညာပေး၊ ရှင်းပြခြင်းများလုပ်ခဲ့သည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်မှ အရက်ချက်စက်ရုံ(၆)ခုကို ရေဆိုးသန့်စနစ် တပ်ဆင်စွန့်ပစ်ရန် ၂၀၁၅ခုနှစ်၌ ပညာပေးခဲ့သည်။

၂၀၁၇ခုနှစ် သြဂုတ်လ ၃၀ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ရေဆိုးသန့်စင်စနစ်မတပ်ဆင်ရသေးသည့် အရက်ချက်စက်ရုံများကို ပိတ်သိမ်းရမည်ဟု ညွန်ကြားခဲ့သည်။

ထိုအရက်ချက်စက်ရုံများအတွက် ဘုံအသုံးပြုနိုင်သည့် ရေဆိုးစွန့်ပစ်စနစ်တပ်ဆင်ရန် မြေ(၆)ဧကကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တောင်းခံခဲ့ရာ ထိုမြေများတွင် မဖယ်ရှားပေးသည့် ကျုးကျော်များရှိနေသဖြင့် ရေဆိုးသန့်စင်သည့် စက်တပ်ဆင်ရန် အစီစဉ်အား ရပ်တန့်ခဲ့ရသည်ဟု ၂၀၁၇ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဒုဥက္ကဌဦးစိန်သောင်းဦးက ပြောခဲ့သည်။

"တကယ်တန်းပိတ်ရမယ်ဆိုရင် (၉၄)ရာခိုင်နူန်းကပိတ်ရမှာ ရေဆိုးစနစ်မရှိဘူးလေ ။ အခုဟာ(အရက်ချက်စက်ရုံ)က အရမ်းများနေလို့သာ ပိတ်ရမလိုဖြစ်နေတာ ။ ဘယ်စက်ရုံမှ ရေဆိုးစွန့်ပစ်စနစ် မရှိဘူးဆိုတော့ အားလုံးလိုလိုပိတ်ရမှာ"ဟု မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဒုဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ၂၀၁၇ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ အရက်ချက်စက်ရုံသတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကိုပြောခဲ့သည်။

၎င်းနောက် စက်ရုံပိုင်ရှင်များ၏တင်ပြချက်များ အခက်အခဲများကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာမြို့နယ်မှ အရက်ချက်စက်ရုံ(၅)ရုံကို တိုင်းအစိုးရက တစ်နှစ်ထပ်မံခွင့်ပြုခဲ့သည်။

"နဂိုကတည်းက သူတို့တွေက မလည်ရဘူးပြောပေမယ့် သူ့သဘောနဲ့သူလည်တာတွေရှိတာကိုး အဲ့လိုဟာမျိုးက တကယ်လို့ထွေအုပ်ကသိသွားရင်တော့ ထိန်းကွပ်နိုင်တာပေါ့"ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုကဲ့သို့ ရေဆိုးသန့်စင်သည့် စနစ်အား လုပ်ငန်းများတွင်တပ်ဆင်စွန့်ပစ်ခြင်းမပြုပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူနိုင်သောဥပဒေရှိနေသည်။

စက်ရုံနှင့်လုပ်ငန်းများထဲတွင် အရက်ချက်စက်ရုံသည် ရေဆိုးထုတ်လုပ်မှုအများဆုံးဖြစ်နေပြီး ပတ်ဝန်းကျင်အားအများဆုံး ထိခိုက်နိုင်သည့် စက်ရုံဖြစ်နေသည်။

မြန်မာနိုင်ငံရှိ အရက်ချက်စက်ရုံများသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးတည်ရှိနေသည်။

၎င်းတို့ထဲတွင် နိုင်ငံတော်အစိုးရမှ တရားဝင်လုပ်ကိုင်ခွင့်ပြုထားသည့် အရက်ချက်စက်ရုံမှာ (၃၁)ရုံရှိနေသည်။ သို့သော် စက်ရုံ(၃၁)ခုတွင် စက်ရုံ(၁၀)ခုသာ လည်ပတ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly