လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ ၅

.

 

မနေ့တုန်းက အသံတူ အရေးကွဲ စာလုံးပေါင်းစကားလုံးတချို့ ဆွေးနွေးခဲ့ပါတယ်။

စာလုံးပေါင်းသတ်ပုံဟာ မြန်မာစာအရေးအသားရဲ့ အခြေခံအကျဆုံး အရေးကြီးလှတဲ့အချက်ဖြစ်ပါတယ်။ မြန်မာစာရေးမယ့်သူဟာ ဒီအခြေခံကျတဲ့ စာလုံးပေါင်းသတ်ပုံကိုမှ ဂရုမစိုက် မှန်ကန်အောင်မရေးနိုင်ဘူးဆိုရင် ကျန် စာရေးနည်းအထွေထွေကို မှန်ကန်လျင်မြန်စွာ သိဖို့တတ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်မို့ စာလုံးပေါင်းသတ်ပုံကို ပထမဦးစားပေး လေ့လာရေးသားရပါမယ်။

အလျဉ်းသင့်တုန်း ကျနော်စိတ်ဝင်စားတဲ့ စာလုံးပေါင်းသတ်ပုံရေးနည်းအသစ်တချို့ ဆွေးနွေးချင်ပါတယ်။ အဲဒါတွေကတော့ ဗန်းစကားလို့ခေါ်တဲ့ အပျော်အပျက် ပြောကြရေးကြရင်းက စိတ်ဝင်စားဖို့ကောင်းလာတဲ့ စကားလုံးတွေပါပဲ။

အခုဆိုရင် အင်တာနက် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူငယ်တွေ စာရေးပြီး ပြောကြနှုတ်ဆက်ကြတဲ့အခါ ဗန်းစကားလုံးလေးတွေ တော်တော်များများ အသုံးပြုလာကြတာ ဘယ်ခေတ်နဲ့မှမတူအောင် တွေ့နေရပါတယ်။ ထွင်လွန်းအားကြီးတော့ မြန်မာစာကို ပျက်အောင်ဖျက်နေကြသလားလို့တောင် ထင်သူတွေက ထင်ကြပါတယ်။ အမှန်တော့ ဒီလူငယ်တွေဟာ မြန်မာစာကို ပျက်အောင်တမင်ဖျက်ရေးလာကြတာမဟုတ်ဘဲ၊ စာရေးရတာ ပိုပြီးလွယ်အောင် အတိုချုံ့ရေးကြ၊ လှောင်ပြောင်ကျီစယ်တဲ့သဘော ရေးကြရင်းက ရေးထုံးအတိုင်းမဟုတ်တော့တဲ့သဘောပါပဲ။

လူငယ်ဆိုတာ အသစ်ကို အင်မတန်စိတ်ဝင်စားပါတယ်။ အသစ်တီထွင်ဖို့ဆိုရင် အဟောင်းကို အချိန်မရွေးစွန့်ပစ်နိုင်စွမ်းလည်း ရှိတတ်ကြပါတယ်။ ရှိလည်း ရှိရဲကြပါတယ်။ ကျနော့်အထင် အဟောင်းကို သံယောဇဉ်အဖြတ်နိုင်ဆုံးအရွယ်ဟာ လူငယ်တွေရဲ့အရွယ်လို့တောင် ထင်မိပါတယ်။ ထားပါတော့။

ဒီလို အဟောင်းကို အညောင်းမိသလိုခံစားလာရတဲ့အခါ လူငယ်တချို့က စာရေးတာ အသစ်ထွင်ရေးပါတော့တယ်။ ရေးတုန်းကတော့ အပြောင်အပျက်သဘောရေးတာပါပဲ။ ဒါပေမယ့် အဲဒီအပြောင်အပျက်သဘောက အဟောင်းကို ချိုးဖျက်ပြီးရေးတာဖြစ်တော့ကာ တခါတလေ မှန်ကန်တည်ငြိမ်တဲ့ အသစ်တစ်ခုတလေကိုများ ရသွားနိုင်မလား။ ဒါက ကျနော့်ရဲ့ ပုဂ္ဂလစဉ်းစားချက်ပါ။

အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ ကျနော်တို့အားလုံးရေးသားနေကြတဲ့ မြန်မာစာအရေးအသားနည်းစနစ်ဟာ ဒီကနေ့ကြမှစတင်တီထွင်လို့ ဖြစ်လာတဲ့အရေးအသားမဟုတ်ပါဘူး။ နှစ်ပေါင်း ရာထောင်ချီတဲ့အချိန်ကာလကိုဖြတ်သန်းလာကြရပြီးမှ အဲဒီအချိန်ကာလလကြီးအတွင်း စာရေးနည်း လွယ်သထက်ပိုလွယ်အောင်၊ ပိုပြီး ထိမိလှပအောင်၊ ပိုပြီး တိကျသေသပ်အောင် တထစ်ချင်း တဆင့်ချင်း တီထွင်ပြုပြင်ရင်းကမှ ဒီကနေ့မြန်မာစာအရေးအသား ဖြစ်တည်လာတာပါ။ ဒီကနေ့ ကျနော်တို့ရေးသားနေတဲ့ မြန်မာစာရေးနည်းကို ဟိုလွန်ခဲ့တဲ့ နှစ်ကိုးရာဝန်းကျင်က မြန်မာတွေ မရေးခဲ့ကြပါဘူး။ ဒီကနေ့ မြန်မာစာရေးနည်းကို ဟိုလွန်ခဲ့တဲ့ နှစ် ငါးရာဝန်းကျင်၊ နှစ်သုံးရာဝန်းကျင်က မြန်မာတွေ အသုံးမပြုခဲ့ကြပါဘူး။ စာရေးတဲ့အခါ အင်မတန်အရေးကြီးလှတဲ့ သဒ္ဒါအထားအသိုကိစ္စမှာသာ အသစ်တီထွင်မှု အသစ်ဖြစ်တည်မှု အင်မတန်တည်ငြိမ်ခဲ့ကြပေမယ့် အထူးသဖြင့် စာလုံးပေါင်းသတ်ပုံတွေကတော့ ပြောင်းချင်တိုင်းပြောင်းလဲလာခဲ့ကြတာတော့ အမှန်ပါပဲ။ ခေတ်တိုင်းခေတ်တိုင်းမှ စကားလုံးပေါင်းသတ်ပုံတွေ အသစ်ထွင်ကြ၊ အသစ်ရှာဖွေခဲ့ကြတာချည်းပါပဲ။ ဒီလိုနဲ့ စာလုံးပေါင်းသတ်ပုံအသစ်တွေ တကယ်လည်း ဖြစ်တည်လာခဲ့ကြရပါတယ်။ အသစ်တချို့ဟာ အတည်ဖြစ်သွားကြရပါတယ်။ အားလုံးက လက်ခံလိုက်နာ သုံးစွဲရေးသားလာကြပါတယ်။ ဒါဟာ ဘယ်လူမျိုးရဲ့စာပေမဆို ဒီလိုပဲဖြတ်သန်းကြရတာချည်းပါပဲ။

ဒါပေမယ့် အသစ်ကိုထွင်ရင် အရိုးကို အရွက်မဖုံးရပါဘူး။ နဂိုမူလ ဘယ်လိုမှချိုးဖျက်လို့မရတဲ့ အခြေခံစည်းမျဉ်းမျိုးတွေကိုတော့ ထင်သလို ချိုးဖျက်လို့မရပါဘူး။ အသစ်ထွင်တာ ကောင်းပါတယ်။ ဒါမေယ့် မထွင်တတ်ရင် ပျက်တတ်တယ်ဆိုတဲ့သဘောရှိတာမို့ အင်မတန်သတိထားရပါတယ်။ အသစ်ထွင်တဲ့သူဟာ အဟောင်းကိုကျွမ်းကျင်ရပါမယ်။ အဟောင်းရဲ့ပြဌာန်းထားရှိမှုကို သိကိုသိရပါမယ်။ ဒါမှသာ အသစ်ထွင်တဲ့အခါ ဘာ့ကြောင့် ဘယ်လို တီထွင်ရမယ်ဆိုတဲ့အချက်ကို ရအောင်ယူနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခု အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တီထွင်စမ်းသပ်ရေးသားနေကြတဲ့ စကားလုံးပေါင်းသတ်ပုံအသစ်တွေ၊ သဒ္ဒါအထားအသိုအသစ်တွေဟာ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်က အပျော်အပျက်သဘောဖြစ်ပါတယ်။ အဟောင်းကြေလို့ အသစ်ကို ရှာဖွေတဲ့သဘောမဟုတ်ဘဲ ပြောင်ချင်နောက်ချင်လို့ တီထွင်ရေးသားနေကြတာဖြစ်လို့ ဒါကတော့ မြန်မာစာအရေးအသား ကြံ့ခိုင်မှုကို ထိခိုက်စေတာတော့ အမှန်ပါပဲ။

အသစ်တီထွင်တယ်ဆိုတာ ကောင်းပေမယ့် အဟောင်းကြေရမယ်။ ခြေသလုံးပန်းပန် သလိုလုပ်တဲ့အလုပ်မျိုးကတော့ အသစ်တီထွင်ရာမရောက်စေဘဲ ကိုယ့်အမျိုးသားစာပေကို တန်ဘိုးမထားရာ၊ ပေါ့ပျက်စေရာ၊ ဖျက်ဆီးရာ ရောက်စေပါတယ်။ အထူးသဖြင့် မီဒီယာနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့လူငယ်များက ဒီအချက်ကို အများသူငါထက်ပိုပြီး အလေးအနက်ထားသင့်ပါတယ်။ အသစ်ထွင်မယ်ဆိုရင်လည်း တကယ့်ကို အလေးအနက်ထား လေ့လာ၊ စေတနာထား ကြိုးပမ်း၊ ပညာရှင်ပီသစွာ တီထွင်တတ်ကြဖို့တော့ လိုပါတယ်။

ကဲ ဒီကနေ့တော့ မြန်မာစာအရေးအသား အသစ်တီထွင်မှုနဲ့ပတ်သက်တဲ့ သဘောထားတချို့ အချိန်ပေးပြီး ဆွေးနွေးခဲ့ပါတယ်။ နိဂုံးမချုပ်ခင်လေးမှာ အဓိပ္ပါယ်ချင်း ခတ်ဆင်ဆင်တူကြလို့ မကြာခဏ ဇဝေဇ၀ါဖြစ် မှားရေးတတ်ကြတဲ့ စကားလုံးတချို့ ဆွေးနွေးချင်ပါသေးတယ်။

တချို့ “လုံးကြီးတင်ဆန်ခတ်” နဲ့ “ည” သတ်တို့ဟာ ဇဝေဇ၀ါဖြစ်စေပါတယ်။ မှားလည်း မှားတတ်ကြပါတယ်။ ဥပမာ “တီထွင်” ဆိုပါစို့။ တ၀မ်းပူလုံးကြီးတင်ဆန်ခတ်နဲ့ရေးရပါမယ်။ ဒါပေမယ့် “တည်ထောင”် ဆိုတာကြတော့ တကို လုံးကြီးတင်ဆန်မခတ်တော့ဘဲ ည သတ်နဲ့ရေးရပါတယ်။ အဲဒါ အင်မတန်မှားတတ်ပါတယ်။ အဓိပ္ပါယ်ချင်းကလည်း ဆင်တူ၊ အသံထွက်ကလည်းတူတော့ “တည်ထွင်” ဆိုပြီးရေးတာမျိုး “တီထောင်”ဆိုပြီးရေးတာမျိုး မှားယွင်းစွာ ရေးတတ်ကြပါတယ်။

နောက်တစ်ခု ထပ်ပြီးပြောချင်ပါသေးတယ်။ “ငြ” နဲ့ “ည” လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဥပမာ ငြာသံပေးကြတော့ ငြ နဲ့ရေးရပြီး လိမ်ညာ ကြတော့ ညရေးချ ညာရပါတယ်။

ဒါ့အပြင် သို့သော်ငြားလည်းကြတော့ င ယရစ်ငြားပြီး လင်မယားညား တာကြတော့ ည ရေးချညားရပါတယ်။ ငြူစူ စောင်းမြောင်းတာကြတော့ င ယရစ်ငြူပြီး ညည်းညူ ကြတော့ ည နှစ်ချောင်းငင် ညူရပြန်ပါတယ်။ ဒါတွေကတော့ အသေမှတ်သားထားရမယ့်အချက်တွေပဲဖြစ်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

လူငယ်များ မြန်မာစာအရေးအသား သည့်ထက်ပိုပြီး လှပမှန်ကန်နိုင်ကြပါစေ။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36309

အပိုင်း( ၂ ) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36435

အပိုင်း (၃) အား ဖတ်ရန် - http://www.mizzimaburmese.com/article/36468

အပိုင်း(၄) အား ဖတ်ရန် -http://www.mizzimaburmese.com/article/36505