အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်
ဓာတ်ပုံ - မင်းမင်း

 

ဇန်နဝါရီ ၂၂ ။                ။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယသမ္မတနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သည်။

ထိုသို့ တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ရက်အတိအကျ မထုတ်ပြန်ထားသေးပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည်  မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ်  ၃ ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ အာဆီယံ-အိန္ဒိယ ထိပ်သီးညီလာခံတက်ရောက်ထားခဲ့သည်။

" နှစ်နိုင်ငံဆက်ဆံရေးက အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုအပေါ် အခြေခံတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၆ ရက်က ပြုလုပ်သော အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံမှုများကို တိုးမြှင့်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကလည်း  စက်တင်ဘာ ၆ ရက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly