ရေဘေးသင့်သူ ၄၅၀,၀၀၀ကျော် အတွက် ရိက္ခာအကူအညီလိုအပ်နေဟု UNOCHA ထုတ်ပြန်

ရေဘေးသင့်သူ ၄၅၀,၀၀၀ကျော် အတွက် ရိက္ခာအကူအညီလိုအပ်နေဟု UNOCHA ထုတ်ပြန်
ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူအချို့ကို ဇူလိုင်နောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)

ဇွန်၊ ဇူလိုင်၊ သြဂုတ်လပိုင်းအတွင်း မိုးကြီးကာ ရေလျံ၊ မြေပြိုမှုများကြောင့် ရေဘေးသင့်သူဦးရေများမှ ၄၅၀,၀၀၀ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားခြင်းစာနာ ထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မြန်မာက သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်သည် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့ အတွင်း ရေဘေးသင့်ခဲ့သူများ၏ သြဂုတ် ၁၅ရက်မှ ၂၁ရက်အတွင်း အခြေအနေများကို ကောက်ယူထားသည့် စစ်တမ်းအတွင်းမှ ဖော်ပြခြင်းလည်းဖြစ်သည်။

၎င်းဒေသများမှ ရေဘေးသင့် ၁ ဒဿမ ၆သန်းမှ ၄၀၃,၀၀၀သာ ရိက္ခာအထောက်အပံ့ရရှိပြီး ၄၅၀,၀၀၀ကျော်က ရိက္ခာအထောက်အပံ့များ လိုအပ်နေခြင်းဖြစ်သည်ဟုလည်း ပါရှိသည်။

စားနပ်ရိက္ခာအထောက်အပံ့ လိုအပ်နေသည် ၄၅၀,၀၀၀ကျော်မှ ၄၈,၀၀၀သည် ချက်ချင်း စားနပ်ရိက္ခာထောက်ပံ့ပေးရန် လိုအပ်သည့် အခြေအနေတွင် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ရေဘေးသင့်ပြည်သူများအတွက် အရပ်ဖက်အဖွဲ့များစွာ၊ နိုင်ငံတစ်ကာအဖွဲ့အစည်းနှင့် နိုင်ငံတစ်ကာ အစိုးရတို့က ကူညီပံ့ပိုးမှုများစွာပေးအပ်နေသော်လည်း ရိက္ခာမရှိခဲ့သည့် နေရာများစွာကျန်ရှိနေခြင်း ဖြစ်သည်။

"အန်တီတို့ ရခိုင်ဖက်မှာ တော်တော်ဆိုးတယ်။ နေရာအများစုက မြို့ပေါ်လောက်ပဲ ရောက်တယ်လေ။ တစ်ခြား ရွာဖက်တွေမှာ တော်တော်လိုအပ်ချက်တွေရှိတယ်" ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက မြောက်ဦး၊ မင်းပြားသို့ ရေဘေးအကူအညီ သွားရောက်ပေးအပ်စဉ် မဇ္ဈိမကိုပြောသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းအတွင်းဖြစ်ပေါ်ခဲ့သည့် ရေကြီး၊ မြေပြိုမှုကြောင့် ရေဘေးသင့်သူစာရင်းမှာ သြဂုတ်လ ၂၁ရက်အထ ၁ ဒဿမ ၆သန်း၊ နေအိမ်စွန်ခွာရွှေ့ပြောင်းရသည့် အိမ်ထောင်စုပေါင်း ၃၈၄,၉၀၀ နှင့် လယ်ဧကပေါင်း ၉၇၂,၀၀၀ အထိပျက်စီးဆုံးရှုံးခဲ့သည်ဟု UNOCHA ဟုထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly