တာလီဘန်များ စီးနင်းတိုက်ခိုက်မှုကြောင့် ကာဘူးလ်မြို့ရှိ ဟိုတယ်တစ်လုံး၌ လူ ၆ဦးထက်မနည်း သေဆုံး

တာလီဘန်များ စီးနင်းတိုက်ခိုက်မှုကြောင့် ကာဘူးလ်မြို့ရှိ ဟိုတယ်တစ်လုံး၌ လူ ၆ဦးထက်မနည်း သေဆုံး

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂၁ ။         ။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်လုံးကို တာလီဘန်သေနတ်သမားများက ဝင်ရောက်စီးနင်းခဲ့ပြီး အစိုးရလုံခြုံရေး အထူးတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည့် ၁၂ နာရီကြာမြင့်သော တိုက်ပွဲ ကြောင့် နိုင်ငံခြားသူတစ်ဦးအပါအဝင် လူပေါင်း ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက  ပြောခဲ့သည်။

တောင်ထိပ်ပေါ်တွင်ရှိသော အထပ် ၆ ထပ်မြင့်သည့် အင်တာကွန်တီနန်တယ်ဟိုတယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဧည့်သည်များအထိတ်တလန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းနေသည့် အဆောက်အဦးအတွင်းမှ ခုန်ချထွက်ပြေးသူများလည်း ရှိခဲ့သည်။

အဆောက်အဦးအပေါ်ထပ်တွင် ပိတ်မိနေခဲ့သော ဧည့်သည်များသည် အိပ်ယာခင်းအစများကို ချည်နှောင်ပြီး လသာဆောင်ထိပ်မှ တွယ်ဆင်းထွက်ပြေးကာ တစ်ညလုံးဖြစ်ပွားခဲ့သည့် စီးနင်းတိုက်ခိုက်မှုအတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြသည်။

အာဖဂန်နစ္စတန်သတင်းရုပ်သံလိုင်း တိုလိုမှထုတ်လွှင့်သည့် သတင်းမှတ်တမ်းဗီဒီယိုအရ ဟိုတယ်ထိပ်ပိုင်း၌ မီးလောင်ကျွမ်းကာ အနက်ရောင်မီးခိုးလုံးများ တလိပ်လိပ်ထွက်နေပြီး လသာဆောင်မှတွယ်ဆင်းနေသူတစ်ဦး လက်လွတ်ပြုတ်ကျသွားသည်ကိုလည်း တွေ့မြင်ရသည်။

စနေနေ့ညတွင်ဖြစ်ပွားခဲ့သည့် အဆိုပါစီးနင်းမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အာဖဂန်အထူးတပ်ဖွဲ့ဝင်များသည် ရဟတ်ယာဉ်များကိုအသုံးပြုကာ ဟော်တယ်အပေါ်ထပ်သို့ သွားရောက်ခဲ့ပြီး တာလီဘန် ၄ ဦးနှင့် နာရီများစွာ ကြာမြင့်အောင် တိုက်ခိုက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“အာဖဂန်နစ္စတန်နိုင်ငံသား ငါးဦးနဲ့ နိုင်ငံခြားသူတစ်ဦးတို့ အသတ်ခံခဲ့ရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်စ်ရတ်ရာဟီမီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး   နိုင်ငံခြားသားအယောက် ၄၀ ခန့် အပါအဝင် စုစုပေါင်း လူ ၁၅၀ ဝန်းကျင်ခန့်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုခဲ့သည်။

“နောက်ဆုံးအကြမ်းဖက်သမားကို သုတ်သင်ပြီးတဲ့အခါမှာ ၆ ထပ်မြောက်က နိုင်ငံခြားသူတစ်ဦးရဲ့အလောင်းကို ပြန်ရခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၈ ဦးခန့်ရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

တာလီဘန်များသည် အဆိုပါဟိုတယ်ကို လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကလည်း ဝင်ရောက်စီးနင်းခဲ့ဖူးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly