လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ (၄)

လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ (၄)

လိုအပ်မယ်ထင်လို့ သတိပေးစရာလေးတစ်ခု ပြောချင်ပါသေးတယ်။

တစ်ခါက ကျနော်ဟာ သတင်းစာတိုက်တစ်ခုမှာ အယ်ဒီတာအဖြစ် ဝင်ပြီးအလုပ်လုပ်စဉ်က လူငယ်သတင်းထောက်တချို့ လူငယ် အယ်ဒီတာတချို့နဲ့ အလုပ်အတူတွဲလုပ်ရပါတယ်။ အဲဒီ လူငယ်သတင်းထောက်နဲ့ လူငယ်အယ်ဒီတာတချို့ဟာ မြန်မာပြည်ရဲ့ ရုတ်တရက်ပွင့်လင်းလာတဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာဖွံ့ဖြိုးလာမှုအခြေအနေတစ်ရပ်အရ သတင်းနဲ့ မီဒီယာလုပ်ငန်းတွေမှာ လိုအပ်ချက်အရ သတင်းထောက်တွေ အယ်ဒီတာတွေဖြစ်လာကြတာက အများစုဖြစ်ပါတယ်။ ဒီတော့ကာ သတင်းရေးသားမှု၊ တည်းဖြတ်မှုနဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်တည်းဖြတ်ရတဲ့အခါ စာရေးသားခြင်းရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စကားလုံးပေါင်းသတ်ပုံကိစ္စနဲ့ ဝါကျအထားအသိုကိစ္စမှာ ချို့ယွင်းချက်တွေ ရှိတတ်ပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာ သတင်းထောက်တွေဖြစ်တယ်၊ အယ်ဒီတာတွေဖြစ်တယ်ဆိုတဲ့အသိကလည်း ရှိနေပြန်၊ မြန်မာစာပဲ ရေးရင်အလွယ်လေးပဲ၊ ချရေးရင်လည်း ဘာခက်တာမှတ်လို့လည်းဆိုတဲ့စိတ်ကလည်း ထုတ်မပြောပေမယ့် ခံယူထားမိသလိုဖြစ်တော့ မှားလို့မှားမှန်းမသိ ရေးကြ တည်းဖြတ်ကြတော့တာပါပဲ။ အဆိုးဆုံးကတော့ ငါတို့ရေးတတ်ပြီ တည်းဖြတ်တတ်ပြီဆိုတဲ့အသိ အလိုလို ဝင်သွားကြတဲ့ရလဒ်ဆိုးပါပဲ။

ဒီအပြင် ကိုယ်ပိုင် အင်တာနက်ကွန်ရက်စာမျက်နှာလေးတွေကလည်းရှိတော့ ကိုယ်ပိုင်စာလေးတွေကိုလည်း ရေးပြီပေါ့လေ။ ရသပါတယ်လို့ထင်ရတဲ့ ရင်တွင်းဖြစ်ခံစားချက်ကလေးတွေ ဆောင်းပါးလိုလို ရသစာတမ်း(စာညွန့်)လိုလို စာပိုဒ်ကလေးတွေ၊ စိတ်ကူးယဉ်စာနုစာယဉ်လေးတွေ ရေးလာကြပါတယ်။ ဝိုင်းဝန်းအားပေးတဲ့သူတွေကလည်း ရှိလာပါတယ်။ ဒီတော့ကာ ငါတို့လည်း စာရေးတတ်တာပဲ၊ ငါတို့ဟာ ကဗျာဆရာတွေ စာရေးဆရာတွေပဲ ဆိုတဲ့အသိ မသိမသာဝင်လာတတ်ကြပြီး မြန်မာစာအရေးအသား သည့်ထက်ပြည့်စုံမှန်ကန်အောင် ဘယ်လိုကြိုးစားကြမယ် ဘယ်လိုလေ့လာကြမယ် ဘယ်လိုတီထွင်ဖန်တီးရေးသားကြမယ်ဆိုတဲ့အသိ အားနည်းရပ်တန့်သွားကြပါတယ်။ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကို ပြည့်စုံပြီတတ်ပြီလို့ ယူဆကြတော့ မပြည့်စုံဘူး မတတ်ဘူးဆိုတာ လူသိမခံရဲဖြစ်ကြရပြန်ပါတယ်။ တတ်တဲ့သိတဲ့သူဆီက ရိုးသားစွာ သင်ယူလေ့လာကြရမယ့်အလုပ်ကို မလုပ်ချင်တော့ပဲ သူတို့လို ငါလည်း ကဗျာဆရာ စာရေးဆရာပါပဲဆိုတဲ့အသိ သူတို့လောက်တော့ ငါလည်းရေးတတ်တာပဲ ဘာမှမခက်ခဲဘူးဆိုတဲ့အသိ ရှိလာကြရပြန်ပါတယ်။ ဒီလိုအခြေအနေဖြစ်လာရင် အဲဒီ လူငယ်သတင်းထောက်၊ အဲဒီ လူငယ်အယ်ဒီတာဟာ ရှေ့ကိုတိုးတက်လာစရာ အကြောင်းမရှိတော့ဘဲ ရောက်တဲ့နေရာမှာပဲ ရပ်တန့်သွားကြရမှာဖြစ်ပြီး တကယ်တတ်သိနားလည်တဲ့သူတွေကြားရောက်တဲ့အခါ လူတောမတိုးကြရတော့ပါဘူး။ အကျိုးဆက်ကတော့ သူတာဝန်ယူပြီးရေးရတဲ့သတင်းတွေ ဆောင်းပါးတွေဟာ အမြဲတန်းညံ့ဖျင်းနေတော့မှာ အသေအချာပါပဲ။

ဒါကြောင့်မို့ မြန်မာစာရေးသားကြမယ့် လူငယ်တွေဟာ စု၊ တု၊ ပြု ဆိုတဲ့အဆင့် သုံးဆင့်ကို အသိရှိရှိ လုပ်ကြ ဖြတ်သန်းကြစေချင်ပါတယ်။

ကဲ ဒီကနေ့တော့ မြန်မာစာအရေးအသား စိတ်ဝင်စားသူလူငယ်တွေ အခြေခံအားဖြင့် ထားရှိသင့် ထားရှိအပ်တဲ့ စိတ်ထားကိစ္စ အလျဉ်းသင့်တုန်း အရင်နိဒါန်းပျိုးရင်း စကာလုံးပေါင်းသတ်ပုံ ကိစ္စ ဆက်ပြောလိုက်ပါဦးမယ်။

အသပ်မတူပေမယ့် အသံထွက်တူတဲ့ စကားလုံး လေးလုံး(အုပ်စု) တစ်ခု ရှိပါတယ်။ တခြားအဲသလို အုပ်စုတွေလည်း ရှိပါသေးတယ်။ ဒီကနေ့တော့ “ ကျင်-ကြင်-ကျဉ်-ကြဉ်”ဆိုတဲ့စကားလုံး လေးလုံးကိုပဲ သတိထားလေ့လာရေးသားဖို့ ဆွေးနွေးချင်ပါတယ်။

အသံတူတဲ့အတွက် စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး ရောထွေးမြင်နေရင်းက မှားပြီးရေးတတ်တာမျိုးမို့ သေသေချာချာခွဲခြားမှတ်သားပြီး၊ ရေးတဲ့အခါမှာလည်း အဲဒီစကားလုံးများနဲ့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့အခြားစကားလုံးတွေနဲ့ အများအားဖြင့် တွဲစပ်မှတ်သားတတ်ရင်လည်း မှတ်သားရအဆင်ပြေပါတယ်။

ကျင်= နာကျင်တာ၊ ကျင်ကြီးကျင်ငယ်စွန့်တာ၊ ကျင်လည်ကျက်စားတာ။(နာကျင် ဆိုပြီးတွဲပြီးမှတ်)

ကြင်= ချစ်ခင်ကြင်နာတာ(ကြင်နာ ဆိုပြီး တွဲပြီးမှတ်)

ကျဉ်= ခါးသေးတာ၊ ကျဉ်ကြော၊ ထုံကျဉ်၊ ခြေထောက်ကျဉ်(ထုံကျဉ် ဆိုပြီး တွဲပြီးမှတ်)

ကြဉ်= ပယ်တာ၊ ဖယ်တာ၊ ရှောင်ကြဉ်၊ ဖယ်ကြဉ်တာ(ဖယ်ကြဉ် ဆိုပြီးတွဲပြီးမှတ်)

ကောင်းပါပြီ။ ဥပမာစာကြောင်းတချို့ ရေးကြည့်ကြရအောင်ပါ။

၁။ ကျနော်တို့ဟာ မိတ်ဆွေအပေါင်းအသင်းအချင်းချင်း စိတ်နာ(ကျင်)အောင် မပြောသင့်ပါဘူး။ ချစ်ခင်(ကြင်)နာအောင်သာ ပြောဆိုဆက်ဆံသင့်ပါတယ်။

၂။ အသက်ကြီးလာတဲ့အခါ ခြေထောက်နဲ့လက်များ မကြာခဏ ထုံ(ကျဉ်)လာတတ်ကြပါတယ်။

၃။ လူမှုဆက်ဆံရေးနယ်ပယ်မှာ မကောင်းတဲ့သူကို ရှောင်(ကြဉ်) ဆက်ဆံကြတာ အကောင်းဆုံးပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

မနက်ဖြန်မှာ ကျနော်တို့ ပြန်ဆုံကြသေးတာပေါ့။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မြန်မာစာအရေးအသား ဆွေးနွေးခန်း မနက်ဖြန်မှာ ဆက်ပါဦးမယ်။

လူငယ်များ မြန်မာစာအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36309

အပိုင်း( ၂ ) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36435

အပိုင်း(၃) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36468

Mizzima Weekly