အထက(၁)ဒဂုံကျောင်း ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

အထက(၁)ဒဂုံကျောင်း ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။       ။ အထက (၁) ဒဂုံ ကျောင်း(ယခင် မက်သဒစ်ကျောင်း) ကို  ရန်ကုန်မြို့ပြအမွေအနှစ် ထိမ်းသိန်းစောင့်ရှောက်ရေး အဖွဲ့(YTH) က ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့သည်။

"အဟောင်းနဲ့အသစ်ကို ရောထားတဲ့ခေတ်လည်းမှီသလို အမွေအနှစ်ဗိသုကာလက်ရာတွေလည်း ရှိနေတဲ့ အချက်တွေကပဲ ရန်ကုန်ကို ထူးခြားခမ်းနားတဲ့ မြို့တော်တစ်ခု ဖြစ်လာစေနိုင်မှာပါ" ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိမ်းသိန်းစောင့်ရှောက်ရေး အဖွဲ့(YTH) တည်ထောင်သူ နှင့် ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောဆိုခဲ့သည်။

ယခုတပ်ဆင်သည့် အပြာရောင်ကမ္ဗည်းပြားသည် ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိန်းစောင့်ရှောက်ရေး အဖွဲ့(YTH) မှ တပ်ဆင်သည့် ၂၁ ခုမြောက်ဖြစ်ပြီး ယခင်က ရန်ကုန်ဆေးရုံကြီး ၊ မြို့တော်ခန်းမ စသည့် ရန်ကုန်မြို့ရှိအထင်ကရ နေရာများတွင်လည်း  တပ်ဆင်ထားသည်။

၁၈၈၂ခုနှစ်တွင် တည်ထောင်ခဲ့သော မက်သဒစ်သာသနာပြုမိန်းကလေးကျောင်းကို ဆိပ်ကမ်းသာလမ်းမှနေ၍ ၁၈၉၄ ခုနှစ်တွင် ယခု ဒဂုံ ၁ ကျောင်းရှိရာနေရာသို့ ပြောင်းရွှှေ့ခဲ့ရာ ယင်းအဆောက်အဦသည် နှစ်သက်တမ်းအားဖြင့် ၁၀၀ ကျော် ကြာမြင့်နေသည့် ကျောင်းဖြစ်သည်။ ပြောင်းရွှေ့ပြီးနောက် မက်သဒစ်သာသနာပြုမိန်းကလေးကျောင်းကို မိန်ကလေးအထက်တန်းကျောင်းအဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။

ဒုတိယကမ္ဘာစစ် ကာလ အတွင်း က ကျောင်းကို ၆ နှစ်ကြာ ပိတ်ထားခဲ့ရပြီး မူလအဆောင်မှာ ထိခိုက်ပျက်ဆီးမှုများလည်းရှိခဲ့သည်။ ဂျပန်ခေတ်အတွင်း မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကလည်း ကျောင်းဆောင်ကို ရုံးအဖြစ်အသုံးပြုခဲ့သည်။စစ်အပြီး ပျက်စီးသွားခဲ့သော ကျောင်းကို ကျောင်းအုပ်ဆရာမကြီး Mrs. Doreen A Logie က ဦးဆောင် ပြုပြင်ခဲ့ပြီး ၁၉၄၇ ခုနှစ်မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၁၉၅၁ ခုနှစ်၌ ကျောင်းသားများ တိုးလာခြင်းကြောင့် ကျောင်းအား တိုးချဲ့ဆောက်လုပ်ခဲ့ပြီး မက်သဒစ်အင်္ဂလိပ်စာ အထက်တန်းကျောင်း (M.E.H.S) အဖြစ် ပြောင်းလဲခဲ့သည်။

ယင်းနောက် ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင် သိမ်းယူခဲ့ပြီး ပညာရေးဝန်ကြီးဌာနအောက်ရှိ အထက(၁) ဒဂုံအဖြစ် ပြောင်းလဲခဲ့သည်။ ယင်းကျောင်းတွင် လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက် စသည့် သူများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required