ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ၉၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ၉၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန် ဇန်နဝါရီ ၂၁ ။         ။ ပြိုင်ပွဲဝင်အပြေးသမားပေါင်း ၉၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာမာရသွန်အပြေးပြိုင်ပွဲကို ယနေ့၊ ဇန်နဝါ ရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အမျိုးသား အားကစားကွင်းတွင် ဖွင့်ပွဲအခမ်း အနားပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲကြီးတွင် မာရသွန်တစ်ဝက်ပြိုင်ပွဲ (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန်ပြိုင်ပွဲ (၁၀ ကီလို မီတာ) နှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေးနှင့် လမ်းလျောက်ပြိုင်ပွဲများ ပါဝင်ခဲ့သည်။

ပြိုင်ပွဲအမျိုးအစားတစ်ခုချင်းစီအတွက် ပြေးလမ်းကြောင်း များသတ်မှတ်ထားပြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှ ပြိုင်ပွဲအမျိုးအစားများအားလုံး တာထွက်၍ အထင်ကရနေရာများဖြစ်ကြသော ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျား ကန်တို့လည်း ပြေးလမ်းကြောင်းများတွင် ပါဝင်ခဲ့သည်။

" ဒီပွဲက မြန်မာနိုင်ငံမှာအကြီးဆုံး အပြေးအားကစား ပွဲတစ်ခုဖြစ်တယ်ပေါ့နော်၊ ဒီပွဲပြုလုပ်ရတဲ့ရည်ရွယ် ချက်က ပြည်သူလူထုတွေကို ကျန်းမာရေးလိုက်စား စေချင်တယ်၊ ကျန်းမာရေးအသိရှိစေချင်တာလည်း ပါတယ်၊ ပြီးတော့ ဒီပွဲကရလာတဲ့ ရန်ပုံငွေတွေကို လည်း ချို့တဲ့နွမ်းပါးသော ကလေးသူငယ်တွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်" ဟု ပြိုင်ပွဲဦးဆောင် ကျင်းပသည့် ရိုးမကုမ္ပဏီ၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ဒေါ်သီရိရည်မွန်က ပြောသည်။

၂၀၁၇ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်သူဦးရေ ၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုပြိုင်ပွဲကြီးတွင် အပြေး သမားပေါင်း ၉၀၀၀ ကျော်ရှိလာခဲ့သည်။ မြန်မာနိုင်ငံ တွင် ပါဝင်ဆင်နွှဲသူဦးရေအများဆုံး လူထု အားကစားလှုပ်ရှားမှု အပြေးပြိုင်ပွဲကြီးအဖြစ် ၆ ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းပြိုင်ပွဲကြီးတွင် တရုတ်၊ ထိုင်း၊ မလေး ရှား၊ ကင်ညာ၊ သြစတေးလျနှင့် အခြားနိုင်ငံများမှ ပြိုင်ပွဲဝင်များလည်း ယှဉ်ပြိုင်ခဲ့သည်ဟု ပြိုင်ပွဲ ကြီးတွင် အားဖြည့်ပါဝင်ဆင်နွှဲခဲ့သည် ARONAMIN Gold ကုမ္ပဏီ၏ မန်နေဂျာ ဖြစ်သူ ဒေါ်သီသီခိုင်က ပြောသည်။

" လူထုအားကစားလှုပ်ရှားမှုအဖြစ် စီစဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးမှာ ကျွန်မတို့ကုမ္ပဏီကလည်း အားကစားသမားတွေ အထောက်အပံ့ဖြစ်တဲ့ အားတိုးဆေးထုတ်လုပ်တာဖြစ်လို့ ဒီပွဲကြီးမှာ ပူး ပေါင်းပါဝင်ဖြစ်တာပါ၊ နောက်ထပ် လူထုအား ကစားလှုပ်ရှားပွဲတော်တွေမှာ ဆက်လက်ပူးပေါင်း ကျင်းပဖို့ ရည်ရွယ်ထားပါတယ်" ဟု ဒေါ်သီသီခိုင်က ပြောသည်။

ယခုနှစ် ပြိုင်ပွဲဆုကြေးကို အမေရိကန် ဒေါ်လာ ၂၅၀ မှ ၂၇၀၀ အထိ ချီးမြှင့်ခဲ့သည်။

ယင်းမာရသွန်ပြိုင်ပွဲမှရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံရှိ ချို့တဲ့နွမ်းပါးသော ကလေးသူငယ် များအတွက် ပရဟိတအဖွဲ့အစည်း ၄ ဖွဲ့သို့ ထောက် ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့်Yoma Strategic Holdings Ltd (“Yoma Strategic”) တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly