အာဖဂန်နစ္စတန်ရှိ ဇိမ်ခံဟော်တယ်တစ်လုံးကို သေနတ်သမားများဝင်စီး

အာဖဂန်နစ္စတန်ရှိ ဇိမ်ခံဟော်တယ်တစ်လုံးကို သေနတ်သမားများဝင်စီး

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂၁ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ရှိ နာမည်ကျော်ဇိမ်ခံဟော်တယ်တစ်လုံးဖြစ်သော အင်တာကွန်တီနန်တယ် ဟော်တယ်ထဲသို့ စနေနေ့က လက်နက်အများအပြား ကိုင်ဆောင်ထားသော သေနတ်သမား ၄ဦးက ဝင်ရောက် စီးနင်းခဲ့ပြီး ဧည့်သည်များနှင့် ဝန်ထမ်းများကို ပစ်ခတ်ကာ အဆောက်အဦးကို မီးတင်ရှို့ခဲ့ကြောင်း တာဝန်ရှိသူ များက ဆိုခဲ့သည်။

တောင်ထိပ်ပေါ်မှ အဆိုပါဇိမ်ခံဟော်တယ်၏ ခေါင်မိုးပေါ်သို့ အထူးတပ်ဖွဲ့များက ရဟတ်ယာဉ်ဖြင့်သွားရောက် ကာ ဟော်တယ်ထဲသို့ဝင်ရောက်၍ သေနတ်သမားများကို နှိမ်နင်းခဲ့ပြီး အကြမ်းဖက်သမားနှစ်ဦးခန့် သေဆုံးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာစ်ရက်ရာဟီမီက ဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။

“အကြမ်းဖက်သမား ၄ဦးဟာ ဟော်တယ်ထဲမှာရှိနေပါတယ်။ သူတို့ဟာ ဧည်သည့်တွေကို ပစ်ခတ်နေခဲ့ပါတယ်” ဟု အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးရုံးမှ အရာရှိများက တိုက်ခိုက်မှုစတင်ဖြစ်ပေါ်ပုံနှင့် ပတ်သက်၍ သတင်း ဌာနများသို့ ပြောကြားခဲ့သည်။

ဟော်တယ်ရှိအခန်းတစ်ခုအတွင်း၌ ပုန်းအောင်းနေခဲ့သော ဧည့်သည်တစ်ဦးက သူသည် သေနတ်သံများကို ကြားနေခဲ့ရပြီး အဆိုပါဟော်တယ်အတွင်း၌ တနင်္ဂနွေနေ့တွင်ကျင်းပမည့် သတင်းအချက်အလက်နှင့်နည်းပညာ ညီလာခံသို့ တက်ရောက်ကြမည့် ဧည့်သည်များ တည်းခိုနေကြသည်ဟု ပြောဆိုခဲ့သည်။

သေနတ်များ၊ လက်ပစ်ဗုံးများ၊ ရော့ကတ်လောင်ချာများ ကိုင်ဆောင်ထားသော အကြမ်းဖက်သမားများသည် မင်္ဂလာဆောင်များ၊ ညီလာခံများနှင့် နိုင်ငံရေးစည်းဝေးပွဲများ ကျင်းပလေ့ရှိသော အဆိုပါဟော်တယ်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ရာဟီမီက ဆိုခဲ့သည်။

“ဒဏ်ရာရရှိသူ ၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲပါတယ်။ ဧည့်သည်အချို့ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးပြီးဆုံးသွားတဲ့အခါမှာ လူအသေအပျောက်စာရင်းကို ကျနော်တို့ဘက်က အတိအကျထုတ်ပြန် ကြေညာပါမယ်” ဟုလည်း ရာဟီမီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly