လှိုင်သာယာအိတ်ချုပ်စက်ရုံမှ အလုပ်သမား ၁၃ ဦး အလုပ်ထုတ်ခံသည့်အတွက် အလုပ်သမား ၄ဝဝ ကျော်ဆန္ဒပြ

လှိုင်သာယာအိတ်ချုပ်စက်ရုံမှ အလုပ်သမား ၁၃ ဦး အလုပ်ထုတ်ခံသည့်အတွက် အလုပ်သမား ၄ဝဝ ကျော်ဆန္ဒပြ
ဓာတ်ပုံ- ကိုမျိုးဇော်

 

 ရန်ကုန်၊ ဇန်နဝါရီလ ၂ဝ ။                  ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ EUSEBIO SPORTING CO.,LTD အိတ် ချုပ်စက်ရုံမှ အလုပ်သမား ၁၃ ဦး အလုပ်ထုတ်ခံလိုက်ရသည့်အတွက် စက်ရုံအလုပ်သမား ၄ဝဝ ကျော်ဆန္ဒပြ တောင်းဆိုလျက်ရှိကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးတင့်ဇော်က မဇ္ဈိမသို့ပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၁၃ ဦးအား အလုပ်ပြန်လည်ရရှိရေးအပြင် အလုပ်သမားအခွင့်အရေးနှင့် သက်ဆိုင်သည့် အချက် ၈ ချက်ကိုပါ ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၈ နာရီမှ စတင်ကာ ယနေ့ ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

EUSEBIO SPORTING CO.,LTD အိတ်ချုပ်စက်ရုံမှ အော်ဒါရရှိမှုနည်းပြီး ထုတ်ကုန်ထွက်ရှိမှု ကျဆင်းလာ သဖြင့် ပိုလျှံနေသော အလုပ်သမား ၆ဝ ဦးခန့်အနက် အဆိုပါ အလုပ်သမား ၁၃ ဦး( ကျား ၇ ဦး၊ မ ၆ ဦး)ကို ပထမအသုတ်အနေဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစကာ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ အလုပ်မှထုတ်ပယ်ရာတွင် စက်ရုံမှ အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အမိန့်ကြေငြာစာအမှတ် ၈၄/ ၂ဝ၁၅ နှင့်အညီပေး ချေသွားမည်ဟု ပြောထားမှုများရှိကြောင်း အလုပ်သမားခေါင်းဆောင် ဦးတင့်ဇော်ကပြောသည်။

“ နစ်နာကြေးပေးမယ်ဆိုတဲ့အကြောင်းကိုတော့ သူတို့က စာထဲမှာတော့ ထည့်ရေးထားတယ်ပေါ့။ သူတို့က အလုပ်သမားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ပေးမယ်ပြောတယ်။ ဒါကို ကျွန်တော်တို့ဘက်က ငြင်းဆန်ခဲ့တယ်။ ငြင်းဆန်ခဲ့တယ်ဆိုတာ အော်ဒါက မရှိဘူးပြောပေမယ့် အော်ဒါရှိပါတယ်။ ကျွန်တော်က အလုပ်အမားခေါင်းဆောင်လုပ်နေတာ ပိုအသိဆုံးပေါ့။ ဒါကြောင့် ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျွန်တေ်ာ တို့ကို စက်ရုံမှာ အပြစ်မရှိဘဲနဲ့ အလုပ်ထုတ်ပစ်တာလက်မခံနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အလုပ်သမား ၁၃ ဦး အလုပ်ပြန်ပြီးရရှိဖို့အတွက် အပါအဝင် အချက် ၈ ချက်ကို တောင်းဆိုနေတာပါ။ ကျွန်တော်တို့ ၁၃ ဦး အပါအဝင် စက်ရုံက ဝန်ထမ်းအလုပ်သမား ၄ဝဝ ကျော်က ဆန္ဒပြတောင်းဆိုနေတာပါ”ဟု အလုပ်သမားခေါင်းဆောင် ဦးတင့်ဇော်က   ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ဇန်နဝါရီလ ၂ဝ ရက်၊ ညနေပိုင်းတွင် ဥပဒေအရာရှိများ၊ အလုပ်သမား အရေးကိစ္စနှင့်ပတ်သက်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံနေသည်ဟု ဦးတင့်ဇော်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly