သန်လျင် ဖရဲသီးသည်သေဆုံးမှု ကြိုးဆွဲချသေကြောင်းကြံခြင်းဟု ရဲစခန်းအတည်ပြု

သန်လျင် ဖရဲသီးသည်သေဆုံးမှု ကြိုးဆွဲချသေကြောင်းကြံခြင်းဟု ရဲစခန်းအတည်ပြု

 

ရန်ကုန် ဇန်နဝါရီ ၂၀ ။            ။ လူမှုကွန်ယက်၊ အင်တာနက်စာမျက်နှာများပေါ်တွင် ဖရဲသီးဗန်းမှောက်၍ လိမ်လည်ငွေတောင်းခံသည် ဟု စွပ်စွဲခံရပြီးနောက် သေဆုံးသွားသော သန်လျင်မြို့နယ်မှ ဖရဲသီးသည်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း သံလျင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။

 ဖရဲသီးသည် ကိုမျိုးမင်းဦး (ခ) ဝက်ကြီး၏ဈာပနကို ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ သံလျင်မြို့၊ အမိုး နီသုသာန်တွင် ပြုလုပ်ခဲ့သည်။

ကိုမျိုးမင်းဦး(ခ) ဝက်ကြီးသည် မွေးရာပါ ပိုလီယို မသန်းစွမ်းသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ၎င်း၏ဖရဲသီးဗန်းမှောက်ကျသည့် ရုပ်သံ ဖိုင်တင်ခဲ့ သည့်ကိစ္စနှင့် ပတ်သက်၍ အရှက်ရပြီး၊ ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏မိသားစု၊ မိတ်ဆွေများက ပြောသည်။

"ဒီလိုလုပ်လိမ့်မယ်ထင်မထားဘူး၊ အကုန်လုံးကတော့ ဖျောင်းဖျပေးတာပဲ၊ ဖျောင်းဖျပေးပေမယ့် သူက အသက်ငယ်တဲ့အတွက် သူ့ကိုယ်သူ မစဉ်း စားတတ်ဘူး၊ စဉ်းစားဉာဏ်နည်းနည်း နည်းတာ ပေါ့၊ နည်းတဲ့အတွက် လုပ်မိလိုက်တယ်၊ လုပ် တယ်ဆိုတာ ရှက်ရမ်းရမ်းပြီး လုပ်လိုက်တဲ့ သဘော ဖြစ်မှာပေါ့၊ ကျွန်မတို့က နာမည်ပျက်တစ်လုံးမှ မရှိ ဘူး၊ ဈေးရောင်းပြီးစားနေတာကို ဘာလို့ဒီလိုမျိုး လုပ်စရာ လိုလို့လဲ၊ ဘာဖြစ်လို့ ဒီစကားတွေတင်ပြီး ဒီလို လုပ်လိုက်ရတာလဲ၊ မသန်စွမ်းရတဲ့ကြားထဲ လုပ်ကိုင်စားနေရတာကို နှိမ်ပြီးလျှောက်တင်နေ တာ" ဟု ကိုမျိုးမင်းဦး(ခ) ဝက်ကြီး၏ဇနီးဖြစ်သူ မမိုးမိုးက ပြောသည်။

ကိုမျိုးမင်းဦး(ခ) ဝက်ကြီးသည် ဇန်နဝါရီလ ၁၈ ရက် နေ့၊ နေ့လည်ပိုင်းက သန်လျင်မြို့နယ်၊ အေးမေတ္တာ ရပ်ကွက်ရှိ နေထိုင်ရာအိမ်တွင် လည်ပင်တွင် ကြိုး ကွင်းစွပ်၍ ကြမ်းပြင်ပေါ်တွင် ထိုင်လျက်၊ ငိုက်စိုက် လဲကျအနေအထားဖြင့် သေဆုံးခဲ့သည်။ အခင်း ဖြစ်ပွားသည့်နေ့က အေးမေတ္တာရပ်ကွက်ရှိ ၎င်းတို့ ၏ ဖရဲသီးအရောင်းဆိုင်တွင် ကိုမျိုးမင်းဦးနှင့် မိမိမှာ အတူရှိနေခဲ့ပြီး၊ ၎င်းက မိမိအား ဖရဲသီး ၃ လုံးခွဲပေး ၍ သွားရောင်းစေခဲ့ကြောင်း၊ မိမိမရှိခိုက် အိမ်သာ တက်မည်ဆိုပြီး ဆိုင်ခေါင်းရင်းက မိတ်ဆွေတစ်ဦး ထံ ဆိုင်သော့အပ်၍ အိမ်ပြန်သွားကြောင်း၊ မိမိအိမ် လိုက်သွားသောအခါ ကိုမျိုးမင်းဦးမှာ ယင်းအနေ အထားဖြင့် သေဆုံးနေပြီဖြစ်ကြောင်း ဇနီးဖြစ်သူ မမိုးမိုးက ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ရေးသားခဲ့သူကို ပြန်လည်အမှုဖွင့် တရား စွဲဆိုသွားမည်မဟုတ်ကြောင်း ကိုမျိုးမင်းဦး(ခ) ဝက်ကြီး၏ ဖခင် ဦးမျိုးညွန့်က ပြောသည်။

" ဦးလေးတို့အနေနဲ့ကတော့ လူတစ်ယောက်တော့ သေသွားပြီ၊ နောက်ထပ်လူတစ်ယောက်ကို ဒုက္ခ မပေးချင်ဘူး၊ ကျွန်တော်တို့ အမှု လုပ်လိုက်လို့ လူတစ်ယောက် ထိခိုက်မှာလည်း မလိုချင်ဘူး" ဟု ဦးမျိုးညွန့်က ပြောသည်။

ကိုမျိုးမင်းဦး(ခ) ဝက်ကြီးသည် သေဆုံးချိန်တွင် အသက် ၂၂ နှစ်ရှိပြီး၊ အိမ်ထောင်သက် ၁ နှစ်ခန့် ရှိပြီး ဇနီးဖြစ်သူ မမိုးမိုး ကျန်ရစ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly