မြန်မာရုပ်သံလိုင်းနှင့်မီဒီယာများမှ အကြားအာရုံမသန်စွမ်းများအတွက် သတင်းအချက်အလက် ရရှိစေရန် မျှော်လင့်

မြန်မာရုပ်သံလိုင်းနှင့်မီဒီယာများမှ အကြားအာရုံမသန်စွမ်းများအတွက် သတင်းအချက်အလက် ရရှိစေရန် မျှော်လင့်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။         ။ မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများနှင့် မီဒီယာများမှ အကြားအာရုံမသန်စွမ်းသူများအတွက် သတင်းအချက်အလက် များ ရရှိနိုင်စေရန် ဆောင်ရွက်ပေးမည်ဟု   မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

မီဒီယာများနှင့် မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့မှ အမြင်ဖွင့်ဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီ ၂၀ ရက် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ယင်းသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

အကြားအာရုံမသန်စွမ်းသူများသတင်းရရှိရေးအတွက် လက်ရှိရုပ်သံလိုင်းများဖြစ်သော MRTV၊ MNTV၊ DVB တို့တွင် လက်သင်္ကေတပြဘာသာစကားဖြင့် ပြသပေးနေသော်လည်း အကြားအာရုံ မသန်စွမ်းသူများနှင့် နီးစပ်မှု မရှိသလို အဆင်မပြေမှုများလည်း ရှိနေသေးသည်ဟု မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ လက်သင်္ကေတဘာသာကျွမ်းကျင်သူ ဦးတင်အောင်ကိုက ပြောသည်။

မကြာမီကာလတွင် ပြန်ကြားရေးဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ရုပ်သံလိုင်း ၅ ခု ထွက်ပေါ်လာရန်ရှိနေပြီး ၎င်းရုပ်သံလိုင်းများမှ နားမကြားသူများသတင်းအချက်အလက်ရရှိစေရန် ဆောင်ရွက်ပေးမည်ဟု မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးတင်အောင်ကိုက ဆိုသည်။

"အခု ထွက်ရှိလာမယ့် ချန်နယ် ၅ ခုအတွက် နားမကြားသူအားလုံးကိုယ်စား ပျော်ပါတယ်၊ နားမကြားသူတွေ ဟာ ဒီလိုသတင်းအချက်အလက်တွေကို တခြားသူတွေလိုပဲ ရရှိမယ်ဆိုရင် သူတို့လည်း လူမှုအသိုင်းဝိုင်းထဲမှာ ဝင်ဆံ့နိုင်မယ်။ အမြင်တွေလည်း ပွင့်လာမယ်လို့ထင်ပါတယ်"ဟု ဦးတင်အောင်ကိုက ပြောသည်။

အကြားအာရုံမသန်စွမ်းသူများ၏ အခက်အခဲများ၊ ရပိုင်ခွင့်များနှင့် မီဒီယာများကို လက်သင်္ကေတပြ ဘာသာ စကားနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့သည်။

သတင်းမီဒီယာသမားတွေအနေနဲ့ ယခုကဲ့သို့ဆွေးနွေးပွဲများမှ အကြားအာရုံမသန်စွမ်းများအကြောင်း ပိုမို သိရှိလာပြီး အသုံးအနူန်းများ၊ မူဝါဒများ ပြောင်းလဲလာနိုင်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်၏ ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောသည်။

"ပုဂ္ဂလိကပိုင်မီဒီယာတွေမှာ ဒီဟာကို သတိပြုလာမယ်။ လောလောဆယ်တော့ သူတို့သတိမပြုမိဘူး။ နောက်တစ်ခုက လက်ပြသင်္ကေတနဲ့ဘာသာပြန်တဲ့အခါမှာ အခက်အခဲတွေ ရှိတယ်။ သူတို့ အခက်အခဲတွေလည်း ပြေလည်သွားနိုင်တယ်။ အသုံးစရိတ်ဘတ်ဂျက်ပေါ့။ ဒီဟာအတွက် ငွေသုံးရမယ်ဆိုတာကိုလည်း နားလည်လာမယ်ဆိုရင် အဲဒါမျိုးတွေကို တခြားချန်နယ်တွေကပါ ထည့်ပေးလာနိုင်မယ်ဆိုရင်တော့ အဲဒီသူတို့ ခြောက်သိန်း၊ ခုနှစ်သိန်းသော သူတွေ သတင်းအချက်အလက်တွေ ပိုပြီးတော့ရရှိလာမယ်"ဟု မြန်မာဂျာနယ်လစ်ကွန်ရက်၏ ဥက္ကဋ္ဌ ဦးမြင့်ကျော်က ဆိုသည်။

လက်သင်္ကေတဘာသာစကားများသည် ခန္ဓာကိုယ်အမူအရာဖြင့် ပြသခြင်းသက်သက်မဟုတ်ဘဲ ဘာသာစကား အဖြစ် လက်ပုံစံ၊ အနေအထား၊ လှုပ်ရှားမှုများကို အခြေခံထားသည်။

ထို့ပြင် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း၂၀၀ ကျော်ရှိသည့်အပြင် လက်သင်္ကေတဘာသာစကားခြင်းလည်း မတူညီကြဘဲ အမျိုးစားပေါင်း ၅၀၀ ကျော် ရှိနေသည်ဟု DVB သတင်းဌာန၏ လက်သင်္ကေတဘာသာပြန် ဦးဘိုဘိုကြိုင်က ပြောသည်။

၂၁၀၄ ခုနှစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော်တွင် မသန်စွမ်းသူ စုစုပေါင်း  ၄.၆ ရာခိုင်နှုန်း ရှိနေပြီး အကြားအာရုံမသန်စွမ်းသူ ၁.၃ ရာခိုင်နှုန်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly