TNLA နှင့် RCSS သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

TNLA နှင့် RCSS သုံးရက်ဆက် တိုက်ပွဲဖြစ်နေ
ဓာတ်ပုံ- PNS

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ။                        ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နှင့် ကျောက်မဲမြို့နယ်အကြားရှိ ကိုက်တိုင်ကျေးရွာ (ဒေသအခေါ် ကြက်သေရွာ) အနီး၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင် တအာဝ်းအဖွဲ့(TNLA) တို့ သုံးရက်ဆက် တိုက်ပွဲများ ဖြစ်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

"၁၈ ရက်နေ့ကတည်းက ဖြစ်နေတာ မနေ့ကလည်း ဖြစ်တယ်၊ ဒီနေ့ နေ့ခင်းကလည်း ဖြစ်တယ်။ ပြန်ဆုတ်သွားလိုက်၊ ပစ်လိုက် ဖြစ်နေတာပါ" ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် TNLA ထိန်းချုပ်နေရာဖြစ်ပြီး ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေရာမှ TNLA မှ ဆုတ်ခွာခဲ့ကြောင်း ၊ယခုအခါ အဆိုပါနေရာကို RCSS မှ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တာအိုက်ကျော်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ယင်းကျေးရွာအတွင်းရှိ ရွာသားများအနေဖြင့် စစ်ဘေးရှောင်နေပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့်အဖွဲ့များဖြင့် မကြာခဏဆိုသလို  တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး   နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags